ခေါင်းသုံးလုံးနဲ့အဖိုးအို(ပုံပြင်)
~~~~~~~~~~~~~~~~~~
တစ်ခါက ရွာငယ်ဇနပုဒ်လေးတစ်ခုမှာ မောင်သုတဆိုတဲ့လူငယ်လေးတစ် ယောက်ရှိခဲ့တယ်။ သူ့မိဘများက သူမူလတန်းကျောင်းသားဘဝမှာပဲ ရှေ့ဆင့် နောက်ဆင့်ဆိုသလို သေဆုံးသွားကြတယ်။ ရွာငယ်လေးမှာရှိတဲ့ ရွာသူ၊ ရွာသား တွေကလဲ ဆင်းရဲနွမ်းပါးကြလေတော့ မိဘမဲ့မောင်သုတလေးကို သနားပေမယ့် တစ်လုတ်တစ်ဆုပ်ကျွေးရုံကလွဲပြီး ဘယ်သူကမှ မမွေးစားနိုင်ကြပါဘူး။ ဒါကြောင့် မောင်သုတလေးဟာ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ထုံးကို နှလုံးမူပြီး ဇနပုဒ်ရွာလေးကနေ ထွက်ခွာလာခဲ့တော့တယ်။ အဲဒီလိုနဲ့ ခြေဦး တည့်ရာသွားလိုက်တာ ရွာကြီးတစ်ရွာနားကိုရောက်သွားတော့ ရေဆာနေတာနဲ့ ရွာဦးကုက္ကိုပင်ကြီးအောက်က တံကလေးထဲမှာ ဒူးနှစ်လုံးကြားခေါင်းထား ပြီးထိုင်နေတဲ့ အဘိုးအိုကိုတွေ့တာနဲ့ ရေတောင်းသောက်ဖို့ အဘိုးအိုအနီး သွားရပ်လိုက်တယ်။
“အဘိုး…ကျွန်တော်ရေငတ်လာလို့ ရေတစ်ပေါက်လောက်တိုက်ပါခင်ဗျာ”
"ဟေ..အေးအေး ဒီက ရေအိုးထံမှာခပ်သောက်လိုက်ပါကွာ၊ ဒါနဲ့မင်းက ဘယ် သူတုံး၊ ဘယ်သွားမလို့ထွက်လာခဲ့တာလဲ
“ကျွန်တော်က မိဘမဲ့မောင်သုတပါအဘိုး၊ မိဘများမရှိတော့လို့ ခြေဦးတည့် ရာ ထွက်လာခဲ့တာပါခင်ဗျာ"
“ဟာ…ဟုတ်လား၊ ငါကလဲသားသမီးမရှိတဲ့အဘိုးအိုပဲ၊ ဒီတော့ ကျွန်း ကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသလို လုပ်ကိုင်စားသောက်ရအောင် ငါ့မြေးဒီမှာပဲနေပါ တော့ကွာ ဟုတ်လား”
“ကျေးဇူးကြီးလှပါတယ်အဘိုးရယ်၊ကျေးဇူးကြီးလှပါတယ်”
မောင်သုတလေးက အဘိုးအိုရဲ့စကားကြောင့် အတိုင်းမသိဝမ်းသာပီတိဖြစ် ကာ မြေမှာဝပ်တွားလျက် အဘိုးအိုကို ရှိခိုးဦးချကန်တော့လိုက်တယ်။ အဲဒီနေ့ ကစလို့ မောင်သုတလေးဟာ အဘိုးအိုရဲ့တဲမှာနေထိုင်ခဲ့ပြီး မနက်ခင်းဆိုရင် ထမင်းချက်ပြုတ်ကာ အဘိုးအိုကိုကျွေးမွေးတယ်။ ပြီးမှ အဘိုးရဲ့လုပ်သူမဲ့ မြေကွက်တွေကိုရှင်းလင်းလို့ သီးနှံတွေကို အဘိုးရဲ့ညွှန်ကြားချက်အတိုင်း စိုက်ပျိုးခဲ့တယ်။ ဒါကြောင့်လဲ သခွား၊ ဖရုံ၊ ဘူးစတဲ့သီးနှံတွေဟာ သူများနဲ့မတူ ကြီးထွားဖွံ့ဖြိုးလို့ ဈေးကောင်းရခဲ့တယ်။ ရရှိလာတဲ့ ငွေကြေးတွေကိုလဲ မောင်သုတက တစ်ပြားမကျန် အဘိုးကိုအပ်တယ်။ အဘိုးက-
"ငါ့ မြေးရယ် ဒီအိမ်မှာမင်းပဲရှိတာ အဘိုးကိုအပ်မနေပါနဲ့ မင်းပဲသိမ်းထား ပါ”ဆိုပြီး ပြန်ပေးလာလို့ မောင်သုတက ဝါးကျည်တောက်ထဲထည့်ကာ သိမ်း ဆည်းထားတယ်။ အဲဒီလိုနဲ့ အဘိုးအိုနဲ့မောင်သုတဟာ တစ်ဦးမေတ္တာတစ်ဦး မှာဆိုသလို တကယ့်မြေးအဘိုးအရင်းပမာ သံယောဇဉ်တွယ်လာကြတယ်။ ဒါ ကြောင့် အဘိုးအိုးက၊ မောင်သုတကို အန္တရာယ်ဖြစ်လာမဲ့ ကိစ္စဆိုရင်မလုပ်ဖို့ မကိုင်ဖို့သွန်သင်ပေးတယ်။ မောင်သုတကလဲ အဘိုးအိုဆိုဆုံးမတာကိုနာခံခဲ့လို့ ဘယ်တော့မှ ဘေးဒုက္ခနဲ့မကြုံတွေ့ခဲ့ရဘူး။
မိဘစကား နားထောင်ငြား သံပြားကျောက်စောင်း ကြိုသော်ပျောင်း၏' ဆိုသလိုပါပဲ အဘိုးရဲ့စကားကိုနားထောင်ခဲ့လို့ မောင်သုတအဖို့ အခက်အခဲ ဟူသမျှ ပြေလည်သွားရတာချည်းပါပဲ။ အခက်အခဲရှိခဲ့ရင်လဲ အဘိုးက အသက် အရွယ်အရ ကြုံတွေ့လာခဲ့ရတဲ့ အတွေ့အကြုံလေးတွေနဲ့ ဖြေရှင်းပေးလေ့ရှိတယ်။ ဒီနှစ်မှာတော့ မိုးက စောစီးစွာရွာသွန်းနေတာကြောင့် အဘိုးက မောင် သုတကို အကြံပေးခဲ့တယ်။
“ငါ့မြေးသုတရေ၊ ဒီနှစ်မိုးကောင်းပုံကတော့ ရေကြီးမဲ့ပုံပဲကွ၊ ဒါ့ကြောင့် စပါးကို စောစောစိုက်တာလဲ စိုက်ပေါ့ကွာ ဒါပေမဲ့ ကုန်းမြင့်တဲ့နေရာမှာလဲ ပျိုးတော့ထောင်ထားအုံးဟေ့"
“စပါးစိုက်ပြီးပြီပဲအဘိုးရယ် ပျိုးက ထောင်စရာလိုသေးလို့လား၊ နောက်ပြီး ကုန်းမြင့်မှာ ပျိုးထောင်ရမယ်ဆိုတာက လိုရမယ်ရပေါ့ကွာ၊ ရေကြီးလို့ စပါး ပျက်သွားရင် ပျိုးအဆင်သင့်ရှိတော့ပြန်စိုက်နိုင်တာပေါ့၊ ကုန်းမြင့်ပေါ်မှာ စိုက်ထားတော့ရေကြီးလဲ ပျိုးပင်တွေ ရေနောက်မပါအောင်လို့ပေါ့ကွ” ထိုအခါမှ မောင်သုတလေး သဘောပေါက်သွားကာ အဘိုးပြောတဲ့အတိုင်း စပါးကိုစောစော စိုက်လို့ ပျိုးကိုလဲ ကုန်းမြင့်ပေါ်မှာ ကြိုတင်ထောင်ထားလိုက်တယ်။ ဒါကို ရွာသူ၊ ရွာသားတွေက တွေ့မြင်ရတော့ မောင်သုတလေးကို လှောင်ပြောင်ကြတယ်။ မောင်သုတလေးကတော့ သူ့ကို လှောင်ပြောင်နေမှန်းသိပေမဲ့ မသိကျိုးကျွံပြုပြီး နေလိုက်တယ်။ အဲဒီလိုနဲ့ အဘိုးခန့်မှန်းတဲ့အတိုင်း တကယ်ရေကြီးခဲ့တယ်။ ရေက တော်တော်နဲ့ပြန်မကျလို့ တစ်ကွင်းလုံးစပါးပင်တွေ ရေမြုပ်ကာပျက်စီး သွားခဲ့တယ်။ ရွာသူ၊ ရွာသားတွေမှာ ပြန်စိုက်စရာပျိုးကမရှိလို့ အခက်ကြုံကြ ရတယ်။ မောင်သုတလေးကတော့ ဒူးနှစ်လုံးကြား ခေါင်းထားကာ ထိုင်နေလေ့ ရှိလို့ ခေါင်းသုံးလုံးနဲ့လူလို့အခေါ်ခံရတဲ့ အဘိုးရဲ့စကားကို နားထောင်မိလို့ ရေလွတ်ရာကုန်းမြင့်မှာ ကြဲထားတဲ့မျိုးတွေနဲ့ ပြန်စိုက်ခဲ့တယ်။ ဒါကြောင့် စပါး ပေါ်ချိန်မှာ တစ်ကွင်းလုံး ပြောင်တလင်းခါနေတဲ့ကြားက မောင်သုတလေးရဲ့ အကွက်တွေမှာတော့ ရွှေရောင်ဝင်းနေခဲ့လို့ တစ်ရွာလုံးက အမြော်အမြင်ရှိတဲ့ မောင်သုတလေးလို့ ဝိုင်းဝန်းချီးကျူးခဲ့ကြပြန်တယ်။
“ကျွန်တော် အမြော်အမြင်ရှိလို့မဟုတ်ပါဘူးဗျာ၊ သက်ကြီးရွယ်အိုဆိုပြီး ခင်ဗျားတို့ ပစ်ပယ်ထားခဲ့တဲ့ ခေါင်းသုံးလုံးနဲ့လူဖြစ်တဲ့ အဘိုးရဲ့အတွေ့အကြုံ တွေကြောင့်ပါ၊ ဒါကြောင့် အဘိုးကိုပဲချီးကျူးကြပါ. ရိုသေကြပါ”လို့ မောင် သုတလေးက ပြန်ပြောလိုက်ပါတယ်။ ထိုအခါမှစ၍ ရွာသူ၊ ရွာသားများလဲ ခေါင်းသုံးလုံးနဲ့လူကို ချဉ်းကပ်ပါဆိုသည့်စကားကို နားလည်လာကြကာ အမှု ကိစ္စနှင့်ကြုံတိုင်း အဘိုးထံချဉ်းကပ်ပြီး အကြံဉာဏ်များကိုတောင်းခံကာ လုပ်ကိုင် လာကြသဖြင့် တစ်ရွာလုံး တိုးတက်ပြောင်းလဲ လာခဲ့တော့တယ်။
ကလေးတို့ရေ… ဒါကြောင့် ခေါင်းသုံးလုံးနဲ့လူကို ချဉ်းကပ်ပါဆိုတဲ့အတိုင်း သက်ကြီးရွယ်အိုတွေဆီက အတွေ့အကြုံတွေကိုရယူနိုင်ဖို့ သူတို့ကို ပြုစုစောင့် ရှောက်ရင်း ချဉ်းကပ်ကြပါလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

image