10 w - Translate

◾️ဖားကန့်၌ လျှပ်စစ်ဓာတ်အားပြန်ရဟုဆို
နှစ်လကျော်ကြာလျှပ်စစ်မီးပြတ်တောက်ခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး(ဖားကန့်) ကထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်ဇူလိုင် ၉ ရက်မှ ယမန်နေ့(စက်တင်ဘာ ၂၇ ရက်) နံနက်ပိုင်းအထိ လျှပ်စစ်မီးပြတ်တောက် နေခြင်းဖြစ်ပြီး ယမန်နေ့မွန်းလွဲ ၃ နာရီမှစတင်ကာ ဖားကန့်ဖီဒါအား ဓာတ်အားစတင်ဖြန့်ဖြူးပေးခဲ့ ကြောင်း၊ ကျန်ဖီဒါများဖြစ်သော လုံးခင်းဖီဒါနှင့် ဆိပ်မူဖီဒါများအား ဓာတ်အားလွှတ်ရန်မှာ အဆင့်ဆင့် မြေပြင် ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ ထုတ်ပြန်ထားသော်လည်း ဖားကန့်မြို့ရှိ ရပ်ကွက်တချို့ဖြစ်သည့် မော်ဝမ်းရပ်ကွက်၊ လုံးခင်း ရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ ကလပ်ကုန်းရပ်ကွက်နှင့် ဆိုင်းတောင်ရပ်ကွက်တို့ရှိ တချို့‌သော နေရာများတွင် ယနေ့(စက်တင်ဘာ ၂၈ ရက်) နံနက်ပိုင်းအထိ လျှပ်စစ်မီးရရှိခြင်းမရှိသေးကြောင်း ဒေသခံများကဆိုသည်။
"ဖားကန့်ကအကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်မီးကအမြဲလိုလိုပြတ်တောက်နေကြပါပဲ။ အခုတချို့ နေရာတွေ မီးရတယ်။ မီးမရသေးတဲ့နေရာတွေလည်းကျန်သေးတယ် " ဟု ‌ဒေသခံတစ်ဦးကပြောသည်။
လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် မိမိတို့နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်း လျှပ်စစ်နှင့် ပတ်သတ်၍ ပြုပြင်စရာများရှိပါက သက်ဆိုင်ရာကျေးရွာတာဝန်ခံများဖြင့်ချိတ်ဆက်၍ ဖားကန့် လျှပ်စစ်ရုံးသို့ ဆက်သွယ်ပေးကြရန် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး(ဖားကန့်)က အသိပေးနှိုးဆော်ထားသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ- ESE/Hpakhant
#ပြည်တွင်းသတင်း

image