5 ပတ် - ဘာသာပြန်ပါ။

❝အားကောင်းသောလေဖိအားနည်းရပ်ဝန်းမှ နောက် ၁၂ နာရီ အတွင်း မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်သလို အားကောင်းသောအပူပိုင်းမုန်တိုင်း“ဘူအလွိုင်”သည်လည်း မနက်ဖြန် တောင်တရုတ်ပင်လယ်ပြင်သို့ရောက်ရှိနိုင်ကာ တိုင်ဖွန်းမုန်တိုင်းအဖြစ်အားကောင်းလာနိုင်❞

စက်တင်ဘာ ၂၇

စက်တင်ဘာ ၂၆ ရက်၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ရွေ့လျားနိုင်ပြီး ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်‌တောင်ပိုင်းကမ်းလွန်- အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေ)တို့တွင် နောက် ၁၂ နာရီ အတွင်း မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ မနက်ဖြန် စက်တင်ဘာ ၂၇ ရက်နေ့တွင် ဩရိဿပြည်နယ်‌တောင်ပိုင်း-အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း ကမ်းခြေတို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားသည်။

အလားတူ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း“ဘူအလွိုင်”(BUALOI)သည်လည်း အနောက်- အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး မနက်ဖြန် စက်တင်ဘာ ၂၇ ရက်နေ့တွင် တောင်တရုတ်ပင်လယ်ပြင်သို့ရောက်ရှိနိုင်ကာ တိုင်ဖွန်းမုန်တိုင်းအဖြစ်အားကောင်းလာနိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။

ထိုမှတစ်ဆင့် အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ စက်တင်ဘာ ၂၈ ရက်နေ့ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကို ဖြတ်ကျော်နိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာ ကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းနှင့် ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း နှင့် တောင်ပိုင်း)တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလက အကြံပြုထားသည်။

#centralnewsnaypyitaw

imageimage