မဲမသမာမှုဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူပြီး ယခုရွေးကောက်ပွဲတွင် မဲမသမာမှုများ မဖြစ်စေဘဲ တရားမျှတမှုနှင့် သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားရန်မှာ မိမိတို့၏ ရည်မှန်းချက်ပင်ဖြစ်ကြောင်း ယာယီသမ္မတ ပြောကြား
စက်တင်ဘာ ၂၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum)” သို့ တက်ရောက် ဆွေးနွေးရန် ဖိတ်ကြားချက်အရ လာရောက်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်တွင် တက်ရောက်ခဲ့ကြောင်း၊ မကြာသေးမီကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာတွင်ကျင်းပသည့် အခြားသောထိပ်သီးအစည်းအဝေးများသို့လည်း တက်ရောက်ဆွေးနွေးလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ နိုင်ငံတကာ အခမ်းအနားများသို့ တက်ရောက်ခွင့်ရခြင်းသည် မိမိတို့နိုင်ငံအတွက် ကောင်းမွန်သည့် အကျိုးရလဒ်များကိုရရှိစေကြောင်း၊ သံရုံး၊ စစ်သံရုံး မိသားစုများအနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် ပကတိအခြေအနေမှန်များကို သိရှိနားလည်ရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေကျင်းပပေးသွားရမည်ဖြစ်ပြီး မကြာမီကာလအတွင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
မိမိတို့အနေဖြင့် ကြုံတွေ့ခဲ့ရသည့် ရွေးကောက်ပွဲများတွင် မဲမသမာမှုဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လာမည့်ရွေးကောက်ပွဲတွင် မဲမသမာမှုများမဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှု မရှိစေရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစနစ် (MEVM)ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM)များသည် ယုံကြည်စိတ်ချရပြီး မဲမသမာမှုပြုလုပ်၍မရကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယခုကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေး ဆောင်ရွက်သွားရန်မှာ မိမိတို့၏ ရည်မှန်းချက်ပင်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ဆန္ဒမဲပေးရာတွင်လည်း မိမိတို့ရွေးချယ်မည့် ရွေးကောက်ခံကိုယ်စားလှယ်များသည် နိုင်ငံ၏အကျိုးကို အမှန် တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ တို့တာဝန်အရေးသုံးပါးကို အမှန်တကယ်ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်သူဖြစ် ရန်နှင့် နိုင်ငံကောင်းအောင် ဆောင်ရွက်နိုင်မည့်သူများဖြစ်ရန်လိုကြောင်း၊ သံရုံး၊ စစ်သံရုံး မိသားစုများ၊ သင်တန်းသားများအနေဖြင့်လည်း မိမိတို့ရွေးချယ်မည့်ကိုယ်စားလှယ်များကို မှန်မှန်ကန်ကန် ရွေးချယ်သွားရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံတော်အနေဖြင့် ပြည်ပနိုင်ငံများသို့ ပညာတော်သင် သင်တန်းသားများ စေလွှတ်ပေးလျက်ရှိပြီး အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံတွင် ပညာတော်သင်များအဖြစ် စိစစ်ရွေးချယ်စေလွှတ်ခံကြရသူများဖြစ်သဖြင့် မိမိကိုယ်ကိုယ်တန်ဖိုး ထားကြရန်၊ မိမိကိုယ်တိုင်နှင့် နိုင်ငံတော်အတွက် ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့ပြင် မိမိတို့မြန်မာနိုင်ငံသားများ အချင်းချင်းစည်းလုံးညီညွတ်စွာနေထိုင်ကြရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်မျှတစွာနေထိုင်ကြရန်၊ ဂရုစိုက်ကြရန် မှာကြားလိုကြောင်း၊ မိမိတို့တစ်ဦးချင်းစီအလိုက် အသိ၊ သတိဖြင့် ထိန်းထိန်းသိမ်းသိမ်း နေထိုင်သွားလာစားသောက်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို မှန်မှန်ကန်ကန် ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်သွားကြရန်လိုကြောင်း ယာယီသမ္မတက မှာကြားခဲ့သည်။
Credit - Myanmar Transprency News Agency
#centralnewsnaypyitaw


+4

