❝ပင်လယ်ဝသို့ ပို့ဆောင်မည့် ငွေကျပ် ၂၉ ဘီလီယံကျော်တန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမင်း)များကို ရန်ကုန်မြစ်အတွင်းမှ ဖမ်းမိပြီး ဆက်စပ်တရားခံ ၆ ဦးကိုပါ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့❞
စက်တင်ဘာ ၂၆
ရန်ကုန်မြို့၊ မြက်စိမ်းကျွန်းမှတစ်ဆင့် ပင်လယ်ဝသို့ စက်လှေဖြင့် ဆက်လက်ပို့ဆောင်မည့် ခန့်မှန်း ငွေကျပ် ၂၉ ဒသမ ၉၁ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၉၉၇ ကီလိုကို ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့က ရန်ကုန်မြစ်အတွင်းမှ ဖမ်းဆီးရမိခဲ့သလို ဆက်စပ်တရားခံ ၆ ဦးကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းအရ သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို ရန်ကုန်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြစ်၊ မြစ်သုံးဆိုင်ရေပြင်အနီး၌ ခင်မောင်လင်း ဆိုသူနှင့် သက်ပိုင်ထူး(ခ) သက်ပိုင် ဆိုသူတို့ မောင်းနှင်လာသည့် သမ္ဗန်စက်လှေကို စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဆက်စပ်ဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို တင်ဆောင်ပေးသူ ကျော်စိုးမင်း ဆိုသူကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဒလမြို့နယ်၊ သမ္မတကမ်းခြေ ရပ်ကွက်၌ လည်းကောင်း၊ သယ်ဆောင်ခိုင်းသူ ကျော်သိန်းဦး(ခ)ကျော်ကြီး ဆိုသူကို မွန်းလွဲ ၁ နာရီခန့် တွင် ပုဇွန်တောင်မြို့နယ်နှင့် ဇော်မင်းနိုင်(ခ) ဇော်မင်းလတ် ဆိုသူကို ရန်ကင်းမြို့နယ်တို့၌ လည်းကောင်း အသီးသီး ဖမ်းမိခဲ့သည်ဟုဆိုသည်။
အလားတူ ကွမ်းခြံကုန်းမြို့နယ်၊ ရန်ကုန်မြစ်၊ မြက်စိမ်းကျွန်းသို့ သဲစုပ်စက်လှေဖြင့် ပို့ဆောင်ပေးခဲ့သူ မျိုးနိုင် (ခ)အကြီးကောင် ဆိုသူကိုတော့ စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ စက်လှေ ၁ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတရားခံများကို ဥပဒေအရ အရေးယူထားရှိသလို ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး လက်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး