ထားဝယ်မှာ ရိပ်သာဖွင့်ပြီး ပလ္လင်ပေါ်တက် တရားဟောတဲ့ အမျိုးသားကို ဖမ်းဆီးထိန်းသိမ်း
စက်တင်ဘာ ၂၆
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်၊ဝဲကျွန်းထိန်လယ်ရပ် ၊လေယာဉ်ကွင်းလမ်းမှာ သာသနာ့အဆောက်အဦးတွေ တည်ဆောက်ပြီး ရိပ်သာဖွင့်ကာ ပလ္လင်ပေါ်တက် တရားဟောတဲ့ "ဦးရည်ချင်း " ဆိုတဲ့ အမျိုးသားကို စက်တင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းမှာ သက်ဆိုင်ရာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ အဆိုပါ အမျိုးသားကို ထားဝယ်မြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး အမှုဖွင့် တရားစွဲဆိုဖို့အတွက်လည်း အာဏာပိုင်တွေဘက်က ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။
" အဓိကသူက တရားလည်းဟောတယ်၊ ဗေဒင်လည်းဟောတယ်။ အခုကျသူက ပလ္လင်တွေဘာတွေပေါ်တက်တဲ့အခါကျတော့ သံဃနယကနဲ့ သာသနာရေးမှူးနဲ့ ရဲတွေနဲ့ ဓမ္မာရုံမှာ ဒီနေ့ညနေ သွားဖမ်းတယ်။ သူရဲ့အဖေလုပ်စဥ်ကိုလက်လွှဲယူလိုက်တာပေါ့။ ပထမက သူကရိုးရိုးလေးပဲသွားတယ်။ ခုနောက်ပိုင်းမှပလ္လင်ပေါ်တက်တရားဟောတာပေါ့။ တရားဟောခွင့်က လူတွေလည်းရှိပါတယ်။ ဒါပေမယ့် သံဃာအသုံးအဆောင်တော့သုံးခွင့်မရှိဘူး။ ရုပ်ဆိုးအကျည်းတန်တာက ထီးဖြူဆောင်တယ် ယပ်တောင်ကိုင်တယ် ပုလ္လင်ပေါ်တက်တယ်။ အဲဒါက မဟာယနနဲ့ညိတယ်။လူဝတ်နဲ့အိမ်ထောင်ပြုပြီးတော့ အဲဒါမျိုးလုပ်စားတယ်ဆိုတဲ့သဘောဖြစ်တယ်။" လို့ ဖြစ်စဥ်သိရှိတဲ့ ဆရာတော်တပါးက မိန့်ပါတယ်။
အဆိုပါ အမျိုးသားက သာသနာရေးဌာနရဲ့ခွင့်ပြုချက်မရှိဘဲ သာသနာမြေမဟုတ်တဲ့နေရာမှာ သာသနာအဆောက်အဦးတွေတည်ဆောက်ပြီး "ယထာဘူတပဋိပတ္တိသာသနာ့ရိပ်သာ"အဖြစ် ဖွင့်လှစ်ကာ အဓိဌာန်ဝင်လာသူတွေကို တရားပြ၊တရား ဟောနေတာဖြစ်တယ်လို့သိရပါတယ်။
"ရိပ်သာကိုလည်း သံဃနာယကခွင့်ပြုချက်မရှိဘဲဆောက်ပြီး အဲဒီမှာနေတယ်။ တရားစခန်းတွေလုပ်တယ်။အဲဒါလည်းရှင်းရအုံးမယ်။ ဒုက္ခရောက်စေချင်လို့မဟုတ်ဘူး လမ်းမှားနေလို့ လမ်းစဥ်ကိုတည့်စေချင်တာ။"လို့ ဆရာတော်က တဆက်တည်းမိန့်ပါတယ်။
အဆိုပါ အမျိုးသားက ၂၀၂၄ ခုနှစ်မတိုင်ခင်ကတည်းက ထားဝယ်မြို့နယ်မှာ ယထာဘူတပဋိပတ္တိသာသနာ့ရိပ်သာဖွင့်ပြီး တရားပြတာမျိုးရှိခဲ့ပေမယ့် ပလ္လင်ပေါ်တက်ပြီး တရားဟောတာမျိုးမရှိခဲ့ကြောင်း ၊ ယခု ၂၀၂၅ ခုနှစ်ထဲရောက်မှသာ ပလ္လင်ပေါ်တက်ထိုင်ကာ တရားဟော ပြသနေတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
"သူက ဘုန်းကြီးတွေကိုတော့ ရိုကျိုးပါတယ်။အဓိက တရားပြတာမျိုးလို့သိရတယ်။တရားလာထိုင်တဲ့သူ အဓိဌာန်လာဝင်သူတွေကို တရားပြတာမျိုးပေါ့။ သိနေတာတော့ကြာပါပြီ။ဒီလိုပဲ သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပဲ။ဒီက ဘုန်းကြီးတွေလည်းသိကြတာပဲ။ အခုလိုင်းပေါ်ရောက်မှသိပြီး ပြောကြလို့ အရေးယူတာဖြစ်မယ်။" လို့ ထားဝယ်မြို့ခံကပြောပါတယ်။
ယထာဘူတပဋိပတ္တိသာသနာ့ရိပ်သာမှာ အဓိဌာန်သူ ၊တရားအားထုတ်သူ အများအပြားရှိနေပြီး ပြီးခဲ့တဲ့နှစ်မှာတုန်းကဆိုရင် ကထိန်ပွဲပင် ကျင်းပခဲ့သေးတယ်လို့သိရပါတယ်။
အဆိုပါအမျိုးသား ဖမ်းဆီးထိန်းသိမ်းခံရမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး အခြေအနေကိုသိရှိနိုင်ဖို့ ထားဝယ်မြို့နယ်သာသနာရေးမှူးကို VOM မှဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာ လူကိုယ်တိုင်လာရောက်မေးမြန်းမှသာ ဖြေကြားပေးနိုင်မယ့်အကြောင်း ပြန်လည်ဖြေဆိုခဲ့ပါတယ်။
အလားတူ မွန်ပြည်နယ် ၊မုဒုံမြို့နယ် ၊နှီးပဒေါရွာမှာ သာသနာ့အဆောက်အဦးတွေဆောက်ပြီး ထီးဖြူဆောင်းထားတဲ့ ပလ္လင်ပေါ်တက်ထိုင်ပြီး တရားဟောတဲ့ "ပိဋကတ်သုံးပုံ မယ်တော်ကြီး "ဆိုသူအမျိုးသမီးကိုလည်း စက်တင်ဘာလ ၂၀ ရက်နေ့က သက်ဆိုင်ရာမြို့နယ်ရဲစခန်းတာဝန်ရှိသူတွေနဲ့ မြို့နယ်သံဃနာယက ၊သာသနာရေးဌာနတို့က ဖမ်းဆီးထိန်းသိမ်းကာ သာသနာညှိုးနွမ်းစေတဲ့ ပုဒ်မ ၂၉၅ နဲ့အရေးယူမှုရှိခဲ့ပါတယ်။
စက်တင်ဘာ ၁၁ ရက်ကလည်း သရဏံသုံးပါး ဓမ္မတေးသီချင်းကို Cover Club ကလပ်မှာ Dj တီးခတ်ဖျော်ဖြေကာ ကခုန်ခဲ့တဲ့ Dj Violet နဲ့ မန်နေဂျာ အပါအဝင် သီးချင်းဖွင့်ခဲ့တဲ့ မန္တလေးက Cover Club ပိုင်ရှင်နဲ့မန်နေဂျာတို့ကို ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားပါတယ်။
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး


