ထားဝယ်(အထူးစီးပွားရေးဇုန်)-မေတ္တာ-ထီးခီး အပြည်ပြည်ဆိုင်ရာနယ်စပ်သွားကားလမ်းရှိ မေတ္တာတံတားအား PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

စက်တင်ဘာ ၂၅

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် နိုင်ငံတော်အတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန် ရည်ရွယ်၍ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများအား ယုတ်မာရိုင်းစိုင်းသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်လျက်ရှိရာ ယခုလည်း ထားဝယ်(အထူးစီးပွားရေးဇုန်)-မေတ္တာ-ထီးခီး အပြည်ပြည်ဆိုင်ရာနယ်စပ်သွားကားလမ်းရှိ မေတ္တာတံတားအား PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးလိုက်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက် နံနက် ၆ နာရီ ၂၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့အနီး ထားဝယ်(အထူးစီးပွားရေးဇုန်)-မေတ္တာ-ထီးခီး အပြည်ပြည်ဆိုင်ရာ နယ်စပ်သွားကားလမ်း မိုင်တိုင်အမှတ် ၄၂ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံအကြားရှိ ခမောင်းသွယ် ချောင်းကူးတံတား ဒေသအခေါ် မေတ္တာတံတားအား PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် အလျား ၁၁၁ ဒသမ ၆၃ မီတာ၊ အကျယ် ၅ ဒသမ ၄၉ မီတာခန့်ရှိ ဘေလီတံတားအမျိုးအစား ချောင်းကူးတံတား၏ စတုတ္ထမြောက်အခန်းခွင် ၁၇ မီတာအရှည်မှာ ကျိုးကျပျက်စီးသွားခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် လမ်းတံတားများအား ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့်လုပ်ရပ်အား ပြည်သူလူထုတစ်ရပ်လုံးက လုံးဝ လက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နွေဦးတော်လှန်ရေးအစမှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦး အသက်ဆုံးရှုံးခဲ့ရသလို ယခုနှစ် ဩဂုတ်လအထိ စာရင်းများအရလည်း အကြမ်းဖက်အဖွဲ့များက လမ်း/တံတား ၁,၃၀၆ ခု၊ ဆေးရုံ ဆေးခန်း ၇၈ ခု၊ စာသင်ကျောင်းနှင့်ပညာရေးအဆောက်အဦ ၈၃၇ ခု ဖျက်ဆီးခဲ့သည်ဟု သိရသည်။

Credit - Myanmar Transparency News Agency

#centralnewsnaypyitaw

image