သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံပြီးစီးသည့် တိုက် ၅ လုံးကို ပညာရေးဝန်ထမ်းများနှင့် မြို့နယ် ၇ ခုမှ မဲနှိုက်ခွင့်ရှိသူများအား မဲနှိုက်နေရာချထားပေးမည်
စက်တင်ဘာ ၂၅
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံပြီးစီးသည့် တိုက် ၅ လုံးကို ယခင်တင်ပြထားသည့် လျှောက်လွှာများအနက်မှ တန်းစီဇယားအစဉ်လိုက် သတ်မှတ်ထားသည့် တိုက်များတွင် မဲနှိုက်နေရာ ချထားပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့တွင် မြိုပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးကြေညာထားသည်။
အဆိုပါ ပြီးစီးသွားသည့် တိုက် ၅ လုံးအတွက် မဲနှိုက်နေရာချထားပေးရန် သင်္ဃန်းကျွန်း၊ ကမာရွတ်၊ ဗဟန်း၊ ကျောက်တံတား၊ ဒဂုံ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်များမှ လျှောက်လွှာတင်ထားသူများနှင့် ပညာရေးဝန်ထမ်းများအနက်မှ မဲနှိုက်ခွင့်ရှိသူများကို ဌာနမှ ဆက်သွယ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
သုခဒဂုံအိမ်ရာသည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂) လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံအနီးတွင် အကောင်အထည်ဖော် တည်ဆောက်ထားသည့် ပြည်သူ့အငှားအိမ်ရာဖြစ်သည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်အတွင်း ထုတ်ပြန်ထားမှုအရ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
သို့သော် ငါးနှစ်သာ ငှားရမ်းနေထိုင်ခွင့်ရှိသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် အခန်းနေထိုင်ခွင့်ရရှိမည်ဟု လိမ်လည်မှုများနှင့် ကိုယ်တိုင်နေထိုင်ခြင်းမရှိ တစ်ဆင့်ငှားရမ်းနေထိုင်သူများ များပြားလာသည့်အတွက် ယင်းသို့ ဆောင်ရွက်သူများကို အရေးယူမည်ဖြစ်ကြောင်း ပြည်သူ့အငှားအိမ်ရာ နေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက အကြိမ်ကြိမ်သတိပေးထားသည်။
Credit - Myanmar Transparency News Agency
#centralnewsnaypyitaw


