5 ပတ် - ဘာသာပြန်ပါ။

🍀အတွေးလွန်မိတဲ့အခါ…🍀
ကျွန်မတို့ဘဝမှာ အတွေးလွန်မိတတ်တဲ့အခြေအနေမျိုးတွေရှိတတ်ပါတယ်…။ အတွေးလွန်ခြင်းဟာ..ဆုံးရှုံးမှာကို စိုးရိမ်ကြောက်ရွံ့မိခြင်းကဖြစ်စေ…တစ်ခုခုဖြစ်လာမှာကို ကြိုတွေးပြီးပူပန်သောက ရောက်နေခြင်းကနေ မြစ်ဖျားခံပါတယ်…။ တကယ်လို့များ..ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူတွေကို…ဆုံးရှုံးရရင်…တကယ်လို့များ…အနာရောဂါတစ်ခုခု ခံစားရရင်…တကယ်လို့များ…အလုပ်တွေအဆင်မပြေတော့ရင်…အရှုံးပေါ်ရင်..စတဲ့ အကြောက်တရားတွေကြောင့် အတွေးလွန်ခြင်းနယ်ပယ်ထဲမှာ နစ်မျောနေမိတတ်ပါတယ်…။ အတွေးလွန်ခြင်းဟာ…ကျွန်မတို့ မကြာခဏလုပ်နေမိရာကနေ..အကျင့်တစ်ခုလိုဖြစ်လာရတာပါ…။
အတွေးလွန်ခြင်းဟာ..ကျွန်မတို့ကို ထောင်ချောက်တစ်ခုထဲမှာ ပိတ်မိနေစေသလို…ရှေ့ဆက်မတိုးရဲဘဲ…လမ်းဆုံမှာရပ်တန့်နေမိတတ်ပါတယ်…။ အတွေးလွန်ခြင်းက ကျွန်မတို့ကို လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ရဲအောင်..ရှေ့ဆက်မတိုးရဲအောင် သတ္တိတွေနည်းသွားစေပါတယ်…။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေနည်းလာပြီး…အရာရာကို သံသယတွေနဲ့ကြည့်တတ်လာပါတယ်…။ အတွေးလွန်ခြင်းကြောင့် ဆုံးရှုံးမှုတွေနဲ့သာ ရင်ဆိုင်ရဖို့များပါတယ်…။
အတွေးလွန်တတ်တာဟာ မကောင်းတဲ့အကျင့်ဆိုးတစ်ခုဆိုတာကို လက်ခံလိုက်ပြီဆိုရင်…အတွေးလွန်ခြင်းအကျင့်ကို ဘယ်လိုဖျောက်ဖို့ကြိုးစားရမလဲ..ဆိုတဲ့နည်းလမ်းတွေ ရှာဖွေဖို့လိုပါတယ်…။ ပထမဆုံးက အတွေးတွေကို သိနေဖို့လိုပါတယ်..။ အတွေးတွေဟာ တိမ်တွေလိုပဲ အဆက်မပြတ်လွင့်မျောနေတာနဲ့တူပါတယ်…။ တိမ်တွေလိုပဲ ခဏလေးလက်ခံပြီး ဆက်ပြီးလွင့်မျောခွင့်ပေးလိုက်ပါ..။ အတွေးတွေကို အကြာကြီး လက်ခံဆုပ်ကိုင်မထားပါနဲ့…။ ကိုယ်အတွေးတွေလွန်နေပြီဆိုရင်..အဲ့ဒါကို လက်ခံလိုက်ဖို့လိုပါတယ်…။ ငါ…အတွေးတွေလွန်နေပြီ…လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်ပါ…။ အတွေးဆိုတာ..အတွေးသက်သက်ပဲ…အမှန်တရားမဟုတ်ဘူးဆိုတာကိုလည်း သိနားလည်ဖို့လိုပါတယ်..။ ဖြစ်မလာသေးတဲ့အရာတွေကို တွေးပြီးစိုးရိမ်ပူပန်နေတာ…ဘာမှအကျိုးမရှိဘူး..ဖြစ်လာတဲ့အချိန်ကျမှပဲ ရင်ဆိုင်လိုက်တာပေါ့..လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့လိုပါတယ်…။
ဒုတိယက…ကိုယ့်ရဲ့စိတ်ကို အတိတ်ကဖြစ်ရပ်တွေအတွက်…နောင်တတွေရနေတာ…မခံမရပ်နိုင်ဖြစ်နေတာ…ဒီလိုလုပ်ခဲ့ရင်ကောင်းမှာပဲ..စသဖြင့် ထပ်တလဲလဲပြန်တွေးနေတာမျိုးကနေ ရုန်းထွက်နိုင်ဖို့အတွက်…ဖြစ်မလာသေးတဲ့အရာတွေကို ဖြစ်လာခဲ့ရင်ဆိုတဲ့ စိုးရိမ်
ပူပန်သောကတွေဖြစ်နေမယ့်အစား…ပစ္စုပ္ပန်တည့်တည့်မှာ နေတတ်အောင် လေ့ကျင့်ပေးဖို့လိုပါတယ်…။ အကောင်းဆုံးလေ့ကျင့်ခန်းကတော့..ဝင်လေထွက်လေလေးကို မှတ်ပေးနေခြင်းပါပဲ…။ ဒါမှမဟုတ် ကိုယ်လုပ်နေတဲ့အလုပ်လေးတွေပေါ်မှာ သတိလေးကပ်ပြီး အာရုံစိုက်သိနေခြင်းဟာလည်း အတိတ်နဲ့ အနာဂါတ်ဆီမှာ စိတ်မရောက်စေဘဲ ပစ္စုပ္ပန်မှာ နေနေတာနဲ့အတူတူပါပဲ…။ ကိုယ်ထိတွေ့ကိုင်တွယ်နေတဲ့အရာဝတ္ထုလေးတွေမှာ စိတ်ကိုအာရုံစိုက်ထားပေးပြီး..သိနေတာဟာ..အတွေးတွေဝင်မလာအောင် ထိန်းပေးနိုင်စွမ်းရှိပါတယ်…။
နောက်တစ်ခုက ကိုယ်စိုးရိမ်ပူပန်နေတဲ့အတွေးတွေကို စာရွက်တစ်ခုမှာ ချရေးလိုက်ခြင်းပါပဲ…။ ကိုယ့်အတွေးတွေထဲမှာ စိုးမိုးနေသမျှ ပူပန်စရာတွေ..သောကတွေ…စိတ်ညစ်နေတာတွေ..နောင်တတွေမှန်သမျှကို တစ်ခုချင်း အသေးစိတ်ချရေးပြီး…အဲ့ဒိစာရွက်ကလေးကို တစ်စစီ အစိပ်စိပ်အပိုင်းပိုင်းဖြစ်အောင် ဆွဲဆုတ်ဖြဲပစ်လိုက်တာမျိုးဟာလည်း…ဒီအတွေးထဲကအရာတွေအားလုံးကို စွန့်ပစ်ဖျက်ဆီးလိုက်သလိုပဲ..ဘာမှထပ်တွေးစရာမလိုတော့ဘူးလို့ ကိုယ့်စိတ်ကို အမိန့်ပေးလိုက်ရာရောက်ပါတယ်…။
နောက်တစ်ခုက…ကျေးဇူးတင်စရာလေးတွေကို ရှာပြီးတွေးကြည့်ဖို့လိုပါတယ်…။ ဖြစ်မလာသေးတာတွေအတွက် ပူပန်ကြောင့်ကြရောက်နေမယ့်အစား..ကိုယ့်မှာရှိနေတဲ့ ကိုယ်ပိုင်ဆိုင်ခွင့်ရထားတဲ့ အခြေအနေလေးတွေ…အချိန်အခါလေးတွေ…လူတွေ..အရာဝတ္ထုလေးတွေကို ချရေးကြည့်ပြီး အသိအမှတ်ပြုပျော်ရွင်ကြည့်ပါ…။ အဆင်မပြေတဲ့အချိန်မျိုးမှာတောင် ကျေးဇူးတင်စရာ အဖြစ်ကလေးတွေကို ရှာကြံတွေးကြည့်ပြီး ကျေးဇူးတင်တတ်ခြင်းကလည်း ပူပန်သောကတွေနဲ့ အတွေးလွန်နေခြင်းကို ကုစားပေးနိုင်စွမ်းရှိပါတယ်..။
ဖြစ်မလာသေးတာတွေကို…ဖြစ်များဖြစ်လာခဲ့ရင် ဆိုပြီး ပူပန်သောကတွေနဲ့ အတွေးလွန်နေမယ့်အစား ကိုယ့်ရဲ့စိတ်အတွေးပုံစံကို …ဖြစ်လာတဲ့အခါ..အဲ့ဒိအဖြစ်ကနေ ငါဘာများထပ်လုပ်လို့ရနိုင်ဦးမလဲ..ဆိုတဲ့အတွေးပုံစံကို ပြောင်းကြည့်လိုက်ပါ…။ ဖြစ်လာတဲ့အရာကို လက်ခံမယ်..အဲ့ဒိထဲကနေ..ကိုယ်လုပ်နိုင်တာ..တတ်နိုင်တာ..ဘာများရှိမလဲ..လို့ တွေးကြည့်လိုက်တဲ့အခါ…ကြောက်ရွံ့စိုးရိမ်စိတ်ကို အလိုလိုဖယ်ရှားပေးလိုက်သလို ဖြစ်သွားပါတယ်…။
နောက်တစ်ခုက လက်လွှတ်ကြည့်ဖို့ကြိုးစားပါ…။ အရာတစ်ခုကို ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်နဲ့ အတင်းဆုပ်တွယ်ထားလေလေ…ပိုပြီးစိုးရိမ်သောကများလေပဲဖြစ်ပါတယ် .။ လက်လွှတ်လိုက်တဲ့စိတ်ဟာ အရှုံးပေးလိုက်တာမျိုးမဟုတ်ဘဲ… ကိုယ့်ရဲ့စိတ်ကို ပူပန်သောကတွေဆီကနေ လွတ်မြောက်ငြိမ်းချမ်းခွင့်ပေးလိုက်တာဖြစ်ပါတယ်…။ လက်လွှတ်ချထားလိုက်တဲ့အတွက် စိတ်အေးလက်အေးနဲ့ အတွေးတွေထဲနစ်မျောမနေတော့ဘဲ… ပေါ့ပေါ့ပါးပါး ရင်ဆိုင်နိုင်လာပါလိမ့်မယ်…။
အတွေးလွန်တတ်တဲ့အကျင့်ကို လျော့ပါးလာအောင် လုပ်နိုင်လာတာနဲ့အမျှ… ပစ္စပ္ပန်တည့်တည့်မှာ နေတတ်လာပြီး ဘဝကို လက်တွေ့ကျကျ ရင်ဆိုင်ကျော်ဖြတ်လာနိုင်မှာ သေချာပါတယ်..။