ဇနီးသည်ကောလင်းသာ မရှိလျှင် သေနေပြီလို့ ဝိန်းရွန်းနီ ဖွင့်ဟလာ
စက်တင်ဘာ ၂၅
ဝိန်းရွန်းနီက ဇနီးသည်ကောလင်းသာ မရှိလျှင် အရက်ပြဿနာကြောင့် အသက်သေဆုံးနေပြီး ဖြစ်နေလိမ့်မယ်လို့ ဖွင့်ဟ ပြောကြားလာပါတယ်။
အသက် ၃၉ နှစ်ရှိ ယူနိုက်တက်နှင့် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းက ကစားသမားဘဝအတွင်းတွင် အရက်အလွန်အကျွံသောက်တဲ့ ပြဿနာ ကြီးမားစွာ ရင်ဆိုင်ခဲ့ရကြောင်း ဆိုသွားပါတယ်။
ရွန်းနီဟာ ယူနိုက်တက်အတွက် ၂၅၃ ဂိုးသွင်းခဲ့သူ ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့သူ ဖြစ်ပါတယ်။
သူဟာ ငယ်ချစ် ကောလင်းနှင့် ၂၀၀၈ ခုနှစ်ကတည်းက လက်ထပ်လာခဲ့သူလည်း ဖြစ်ပါတယ်။
Rio Ferdinand Presents podcast အစီအစဉ်တွင် ရွန်းနီက "သူမ(ကောလင်း)သာ မရှိရင် သေနေပြီလို့ အရိုးသားဆုံး ယုံကြည်တယ်။ အတိတ်တုန်းက အမှားတွေ လုပ်ခဲ့တယ်။ တချို့အရာတွေလည်း မှတ်တမ်းမှတ်ရာတွေ ရှိတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ အဲဒီအချိန်တွေအတွင်း အနည်းငယ်ကွဲပြားတယ်။ ပြီးတော့ သူမက ကျွန်တော့်ကို လမ်းကြောင်းမှန် ဆက်ပို့ပေးတယ်။ နှစ် ၂၀ လောက် လုပ်ပေးခဲ့တယ်။ ကျုပ်က သူငယ်ချင်းတွေနဲ့ အပြင်ထွက် ပျော်ရတာ ကြိုက်တယ်၊ ညဖက်ထွက်ရတာ ကြိုက်တယ်။ အဲဒီမှာ အဆုံးစွန်ထိ ဖြစ်သွားတာပဲ။ ဘဝမှာ အရက်ကြောင့် အကြီးအကျယ်ရုန်းကန်ရတဲ့ အခိုက်အတန့်ရှိခဲ့တယ်။ တကယ်တော့ ဘယ်သူ့ကိုမှ ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တော့ တကယ်လည်း မလုပ်ချင်ခဲ့ဘူး။ ကျွန်တော်က နှစ်ရက်ဆက် သောက်ရုံပဲ။ လေ့ကျင့်ရေးကွင်းသွားတယ်။ ပွဲကျရင် ၂ ဂိုးသွင်းတယ်။ ပြီးရင် ၂ ရက်ဆက်သောက်တယ်။ သူမက ကျွန်တော့်ကို ထိန်းချုပ်တတ်အောင် သင်ပေးတယ်။ ကျွန်တော့်ကို စီမံခန့်ခွဲဖို့ လိုအပ်နေတော့ သူမက စီမံခန့်ခွဲပေးတယ်"လို့ ပြောကြားသွားပါတယ်။
ဒါပေမဲ့ ဝိန်းရွန်းနီက ၎င်းမှာ အရက်စွဲတဲ့ ပြဿနာ ကြုံခဲ့ရခြင်း မရှိကြောင်း၊ သို့ရာတွင် အရက်သောက်မှုကြောင့် ထိုစဉ်တုန်းက ကလပ်အတွက် အကောင်းဆုံးလုပ်ပေးနိုင်ခဲ့ခြင်း မရှိကြောင်းလည်း ဝန်ခံသွားပါတယ်။
#ဘောလုံးသတင်းစုံ