❝အာရှအကြီးဆုံး ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံ၌ မြန်မာနိုင်ငံ ကော်ဖီအသင်းဝင် ကုမ္ပဏီများက မြန်မာ့အထူးတန်းဝင်ကော်ဖီများ ပါဝင်ပြသ❞

စက်တင်ဘာ ၂၄

ဂျပန်နိုင်ငံ၊ Tokyo International Exhibition Center ၌ ကျင်းပသည့် ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံ (SCAJ2025 World Specialty Coffee Conference & Exhibition) ဖွင့်ပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာ ၂၄ ရက်၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ Specialty Coffee Association of Japan ၏ ဥက္ကဋ္ဌ Mr. Yoshihito KATO ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြပွဲတွင် ပါဝင်ပြသကြသော ကော်ဖီထုတ်လုပ် တင်ပို့ရောင်းချသည့် နိုင်ငံများမှ သံအမတ်ကြီးများနှင့်သံရုံးများမှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

Specialty Coffee Association of Japan က ကြီးမှူးကျင်းပသည့် ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့် ညီလာခံသည် အာရှတွင် အကြီးဆုံးကော်ဖီပြပွဲဖြစ်ပြီး ၂၀၀၅ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုအခါ အကြိမ် (၂၀) မြောက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ပြပွဲကို ယနေ့ စက်တင်ဘာ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံ (SCAJ2025 World Specialty Coffee Conference & Exhibition) ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ တိုကျိုမြို့နှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်သော မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းတွင် မြန်မာနိုင်ငံ ကော်ဖီအသင်းဝင် ကုမ္ပဏီများက မြန်မာ့အထူးတန်းဝင်ကော်ဖီများကို ပါဝင်ပြသခဲ့ကြသလို လက်တွေ့သရုပ်ပြ ကော်ဖီဖျော်စပ်မှုများကို ပြုလုပ်ခဲ့ကြသည်။

မြန်မာ့အထူးတန်းဝင်ကော်ဖီကို ဂျပန်နိုင်ငံနှင့် နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရေး၊ နိုင်ငံတကာဈေးကွက်ချိတ်ဆက်မှုများ ရရှိစေရေး၊ လုပ်ငန်းရှင်များကို နိုင်ငံတကာပြပွဲ အတွေ့ အကြုံများရရှိစေရေးနှင့် အခြားလုပ်ငန်းရှင်များ၏ နည်းပညာနှင့်ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေအနေများကို လေ့လာ၍ မြန်မာ့ကော်ဖီထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကိုယ်စားပြုပြခန်းကို ဖွင့်လှစ်ပြသခြင်းဖြစ်သည်။

ယင်းပြပွဲတွင် နိုင်ငံပေါင်း ၇၀ မှ ကုမ္ပဏီပေါင်း ၄၅၀ ကျော်က ပြခန်းပေါင်း ၆၅၀ ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး ပြပွဲသို့ နှစ်စဉ်ဧည့်သည် ၇၀,၀၀၀ ကျော် လာရောက်ကြည့်ရှုလေ့ရှိကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image