11 w - Translate

ရေးမြို့က ရွှေဆိုင်ပိုင်ရှင်နေအိမ် ဖောက်ထွင်းခံရလို့ ရွှေနဲ့ငွေ တန်ဖိုး ကျပ်သိန်း ၅၀၀၀ ထက်မနည်း ပါသွား
စက်တင်ဘာ ၂၄ - ၂၀၂၅
SN (VOM)
မွန်ပြည်နယ်၊ ရေးမြို့မှာ မနေ့ စက်တင်ဘာ ၂၃ ရက်၊ နက်အစောပိုင်းက ရွှေဆိုင်ပိုင်ရှင် တယောက်ရဲ့ နေအိမ် ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ပြီး ရွှေနဲ့ငွေ တန်ဖိုး ကျပ်သိန်း ၅၀၀၀ ထက်မနည်း ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မနက် ၂ နာရီဝန်းကျင်အချိန်က ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်အတွင်း နေထိုင်တဲ့ ရွှေလင်းယုန် ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ် ဖောက်ထွင်းခံခဲ့ရတာဖြစ်ပြီး ကျူးလွန်သူတွေဟာ နေအိမ်ရဲ့ ခေါင်မိုးကတဆင့် ဖောက်ဝင်ကာ အိပ်ခန်းအတွင်းရှိ ရွှေ ၅၀ ကျပ်သားဝန်းကျင်နဲ့ ငွေသားတချို့ကို ယူဆောင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီအချိန်က မိုးအရမ်းသည်းနေတဲ့ အချိန်ပေါ့။ ဖောက်ထွင်းခံရတဲ့အိမ်က နှစ်ထပ်တိုက်။ ခြံစည်းရိုး အခိုင်အမာလည်း ဆောက်ထားတယ်။ အဲဒီကြားကနေ ဖောက်ထွင်းခံလိုက်ရတာ။ ရွှေတွေကို ပုံးတပုံးနဲ့ ထည့်ထားတယ်လို့ သိရတယ်။ အဲဒီပုံး ပါသွားတာပေါ့။ ပိုက်ဆံတွေလည်း ပါသွားတယ်ပြောတယ်။ အိမ်ရှင်တွေကတော့ ဒီဖြစ်စဉ်ကို မနက်ကျမှ သိကြတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
အခုလို ရန်မျိုးအောင်ရပ်ကွက်က ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ် ဖောက်ထွင်းခံလိုက်ရတဲ့ အချိန်နဲ့ မရှေးမနှောင်းမှာပဲ အဲဒီရပ်ကွက်နဲ့ ကပ်လျက်က ရန်ကြီးအောင်ရပ်ကွက်ရှိ ကုန်ပစ္စည်းဆိုင် သုံးဆိုင်လည်း ဖောက်ထွင်းခံလိုက်ရပြီး ဖုန်း၊ ငွေသားနဲ့ ပစ္စည်းတချို့ ပါသွားတယ်လို့ သိရပါတယ်။
လက်ရှိမှာ နေအိမ် ဖောက်ထွင်းခံရသူတွေဟာ ရေးမြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ရေးမြို့နယ်မှာ ဖောက်ထွင်းခိုးယူ၊ လုယက်၊ ဓားပြတိုက်တဲ့ ဖြစ်စဉ် ၁၆ မှုအထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မွန်ပြည်နယ်အတွင်း ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကလည်း သံဖြူဇရပ်မြို့၊ ကြာကန်ရပ်ကွက်၊ ကြာညိုလမ်းမှာ ရွှေဆိုင်သိမ်းပြီး ပြန်လာတဲ့ ဇနီးမောင်နှံကို အမည်မသိ အမျိုးသားတယောက်က သေနတ်နဲ့ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်း လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဇနီးမောင်နှံနေအိမ်ထိုင်ရာ အိမ်ရှေ့အရောက်မှာ လုယက်ခံခဲ့ရတာလို့ သိရပြီး ရွှေထည်ပစ္စည်း စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၃၀၀၀ ကျော် ပါသွားခဲ့ကာ ကျူးလွန်သူကိုတော့ လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
အဲဒီ စက်တင်ဘာ ၁၁ ရက်နေ့၊ တရက်တည်းမှာပဲ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ တက္ကသိုလ်ပတ်လမ်းရှိ နေအိမ်တအိမ်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး တန်ဖိုး ကျပ်သိန်းထောင်ကျော် ပါသွားတယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကလည်း မုဒုံမြို့ရှိ ရွှေဟင်္သာဈေးက ရွှေဆိုင်တဆိုင်မှာ ပစ္စတိုသေနတ် ကိုင်ဆောင်ထားသူ အမျိုးသားတယောက်က ဆိုင်ရှင် သားအဖနှစ်ယောက်ကို သေနတ်ပြ ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်း လုယက်ဖို့ ကြိုးစားမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဖြစ်စဉ်အတွင်း ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့တာမှာ ရွှေဆိုင်ပိုင်ရှင် အမျိုးသား တယောက် သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo - CJ

image