◾️စူပါတိုင်ဖွန်း ရာဂါဆာကြောင့် ဟောင်ကောင်တွင် မိုးကြီးနေ၊ ထိုင်ဝမ်တွင် ၁၄ ဦး သေဆုံး
ယခုနှစ်အတွင်း ကမ္ဘာ့အင်အားအပြင်းဆုံး အပူပိုင်းမုန်တိုင်းဖြစ်သည့် ရာဂါဆာ စူပါတိုင်ဖွန်း ဟောင်ကောင်သို့ ဝင်ရောက်နေရာ ဟာရီကိန်းကဲ့သို့ ပြင်းထန်သော လေတိုက်ခတ်မှုများ၊ မိုးကြီးမှုများကို ဖြစ်ပေါ်စေခဲ့ချိန်မှာပင် ယင်းမုန်တိုင်းကြောင့် ထိုင်ဝမ်တွင် လူ ၁၄ ဦး သေဆုံးခဲ့ရသည်။
ရာဂါဆာကြောင့် ထိုင်ဝမ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့်အတူ အရှေ့ဘက် ဟွာလျန်းစီရင်စုတွင် ရေကာတာတစ်ခုကျိုးပေါက်ခဲ့ပြီး မြို့နယ်တစ်ခုအတွင်းသို့ ရေများ တစ်ဟုန်ထိုး ဝင်ရောက်စီးဆင်းသွားခဲ့သည်။
နိုင်ငံအရှေ့ပိုင်းတွင် ဖြစ်‌ပေါ်ခဲ့သော ပျက်စီးမှုများမှာ မျှော်မှန်းထားသည်ထက် ပိုမိုဆိုးရွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ဟွာလျန်းဖြစ်ရပ်အား ဘူမိဗေဒပညာရှင်တချို့က တောင်တန်းပေါ်မှဆူနာမီ ဟု ကင်ပွန်းတပ်ကြပြီး ခန့်မှန်းခြေ ‌ရေအလေးချိန်တန်ပေါင်း ၁၅ ဒသမ ၄ သန်း ကျဆင်းခဲ့ကြောင်း ပြောကြားကြသည်။
ယင်းဖြစ်ရပ်ကြောင့် တံတားများအလုံးလိုက်မျောပါသွားခဲ့ကာ အချို့နေရာများတွင် တစ်ထပ်အိမ်အမြင့်ခန့် အထိ ရေကြီးခဲ့ကြောင်း သိရသည်။
ဟွာလျန်းတွင် ‌ရှေ့တန်းကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားကြောင်း အစိုးရက ပြောကြားပြီး ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီရန် တပ်ဖွဲ့များ စေလွှတ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
ဗုဒ္ဓဟူးနေ့နံနက်က မုန်တိုင်းသတိပေးချက်အား အမြင့်ဆုံး အဆင့် ၁၀ သို့ ပြောင်းလဲလိုက်သော ဟောင်ကောင်တွင် ကျွန်း၏ အရှေ့ဖက်နှင့် တောင်ဖက် ကမ်းရိုးတန်းသို့ ကြီးမားသောလှိုင်းလုံးများ ဝင်ရောက်ခဲ့ပြီး လမ်းမကြီး နှင့် လူနေအိမ်ခြေများ ရေမြုပ်ခဲ့သည်။
ဟောင်ကောင်၏ နိုင်ငံတကာလေဆိပ်တည်ရှိရာ လန်တောင်းကျွန်းပေါ်တွင်လည်း ကမ်းခြေများ နှင့် သစ်တောများအတွင်း ရေကြီးမှုများဖြစ်ပေါ်နေသည်ကို မြင်တွေ့ရသည်။
ယမန်နေ့က အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ အသက် ငါးနှစ်အရွယ်ကလေး တို့သည် မုန်တိုင်းအား ရေစပ်မှသွားရောက်ကြည့်ရှုရင်း ပင်လယ်ထဲသို့ မျောပါသွားခဲ့သည်။
၎င်းတို့အား ကယ်ဆယ်ရေးလုပ်ဆောင်ပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု ပေးနေရကြောင်း ဟောင်ကောင် SCMP သတင်းစာက ဖော်ပြသည်။
လေတိုက်နှုန်း တစ်နာရီ ၁၂၄ မိုင်( ကီလိုမီတာ ၂၀၀ ) အထိ ရှိသော စူပါမုန်တိုင်းသည် လာမည့်နာရီအနည်းငယ်တွင် ဟောင်ကောင် နှင့်အနီးဆုံးသို့ ရောက်လာမည်ဟု မျှော်လင့်ရသည်။
ရာဂါဆာ စူပါမုန်တိုင်းသည် တရုတ်နိုင်ငံမှ လူပေါင်း ၁၂၅ သန်းနေထိုင်သော ကွမ်တုံပြည်နယ်ကမ်းရိုးတန်းသို့ ဆက်လက်ရွေ့လျားသွားစဉ် ၎င်း၏ပြင်းအားကို ဆက်လက်ထိန်းသိမ်းထားပြီး နေ့လယ်ခန့်တွင် ကုန်းတွင်းဝင်ရောက်မည်ဟု ခန့်မှန်းထားကြသည်။
လောင်းကစားလုပ်ငန်းများ အဓိကလုပ်ကိုင်သည့် မကာအိုတွင်လည်း မုန်တိုင်းသတိပေးချက်အား အမြင့်ဆုံး အဆင့် ၁၀ သို့ မြှင့်ထားခဲ့သည်။
ကွမ်တုံပြည်နယ်တွင် လူပေါင်း ၇၇၀၀၀၀ အား ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားကြောင်း တာဝန်ရှိသူများကို ကိုးကား၍ အစိုးရသတင်းဌာန CCTV ကဖော်ပြသည်။
ယင်းပြည်နယ်အတွင်း စာသင်ကျောင်းများနှင့် မြန်နှုန်းမြင့်ရထားလိုင်းများအပါအဝင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအားလုံးကို ပိတ်သိမ်းထားကာ ပြည်နယ်တွင် အဝင်အထွက်အများဆုံး ကွမ်ကျိုးနှင့် ရှင်ကျန်းမြို့ လေဆိပ်များတွင်လည်း ခရီးစဉ်များ ဖျက်သိမ်းထားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

image