ဒိန်းမတ်နဲ့ နော်ဝေမှာ အကြီးစားဒရုန်းတွေ ပျံသန်းလာမှုကြောင့် အဓိကလေဆိပ်တွေ ပိတ်ခဲ့ရ
ဒိန်းမတ်နဲ့ နော်ဝေနိုင်ငံတို့ဟာ တနင်္လာနေ့ညနေပိုင်းက အကြီးစားဒရုန်းတွေ ပျံသန်းမှုကို တွေ့ရှိပြီးနောက် အဓိကလေဆိပ်ကြီးတွေကို ပိတ်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုပင်ဟေဂင်လေဆိပ်အနီးတဝိုက်တွင် တွေ့ရတဲ့ ဒရုန်းအမျိုးအစားနဲ့ အရေအတွက်ကို ဒိန်းမတ်ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခြင်းမရှိပေမယ့်လည်း ဒီဒရုန်းတွေကို စွမ်းရည်ပြချင်တဲ့ ပုံစံမျိုး မောင်းနှင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
ဒရုန်းတွေ ပျံသန်းမှုကို တုံ့ပြန်သည့်အနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက တုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမယ့်လည်း ဒရုန်းတွေဟာ အန္တရာယ်ဖြစ်စေဖို့ ရည်ရွယ်ချက်ကြောင်း ညွှန်ပြနေတဲ့ အချက်အလက် မရှိဘူးလို့ ဆိုပါတယ်။
ဒရုန်းတွေဟာ ရုရှားက စေလွှတ်တာ ဟုတ်မဟုတ် သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုတော့ တနင်္လာနေ့က ဒိန်းမိတ် ဒုရဲတပ်ဖွဲ့မှူး ဂျာကုပ်ဟန်ဆန်က အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုနိုင်ကြောင်း ပြောပါတယ်။
နောက်ပိုင်း လူမှုကွန်ရက်ပို့စ်တခုမှာတော့ ယူကရိန်းသမ္မတ ဇီလန်းစကီးက စက်တင်ဘာ ၂၂ ရက်က ဒိန်းမတ်ရှိ နေတိုးလေကြောင်းပိုင်နက်ကို ရုရှား၏ ချိုးဖောက်တာလို့ ပြောပါတယ်။ ဒါပေမယ့်လည်း အသေးစိတ်အချက်အလက်တွေကိုတော့ သူက မပြောပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး အီးယူနဲ့ နေတိုးခေါင်းဆောင်တွေကတော့ လူသိရှင်ကြား မှတ်ချက်ပြု ရှုတ်ချတာမျိူးမရှိပါဘူး။
ဒရုန်းတွေတွေ့ရပြီးနောက် လေယာဉ်ပျံဆင်းသက်ခွင့်များကို လေးနာရီခန့် ရပ်ဆိုင်းထားခဲ့ရပြီး ကိုပင်ဟေဂင်လေဆိပ်ရဲ့ လုပ်ငန်းများကို ဒေသစံတော်ချိန် မနက် ၁၂ နာရီကျော်မှာ ပြန်လည်စတင်ခဲ့ပါတယ်။ နော်ဝေနိုင်ငံ အော်စလိုလေဆိပ်ကိုလည်း လေပိုင်နက်ပိတ်ထားပြီး လေးနာရီကြာပြီးနောက် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအနေနဲ့ အစီအမံအချို့ကို အကောင်အထည်ဖော်သွားမယ်လို့ ဒိန်းမတ်ရဲတပ်ဖွဲ့က ပြောကြားပေမယ့် ဘယ်လိုအစီအမံလည်းဆိုတာ အသေးစိတ်ထုတ်ပြန်တာမရှိပါဘူး။ လေဆိပ်ပိတ်လိုက်တာကြောင့် ခရီးသည် နှစ်သောင်းခန့် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တနင်္လာနေ့ညနေပိုင်းက ကိုပင်ဟေဂင်လေဆိပ် အနီးတစ်ဝိုက်မှာ အကြီးစားဒရုန် နှစ်စီးမှ သုံးစီးခန့် ပျံသန်းနေတာကို တွေ့ရှိရကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။ လေယာဉ်ခရီးစဉ် ခြေရာခံဝက်ဘ်ဆိုက် Flightradar24 ရဲ့အဆိုအရ လေဆိပ်ပိတ်ထားမှုကြောင့် ကိုပင်ဟေဂင်သို့ သွားရောက်မယ့် လေယာဉ် ၃၅ စီးကို လမ်းကြောင်းပြောင်းပေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာတော့ နော်ဝေနဲ့ ဒိန်းမတ်ရှိ ဒရုန်းဖြစ်စဉ်တွေဟာ တခုနဲ့တခု ဆက်စပ်မှုမရှိဘူးလို့ ဒိန်းမတ်ရဲတပ်ဖွဲ့က ဆိုပါတယ်။
Ref:BBC