#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်နိုင်ငံတွင် အေအိုင်ဆေးရုံ ဖွင့်လှစ်ကုသနေ
တရုတ်နိုင်ငံတွင် ကမ္ဘာ့ပထမဦးဆုံးသော AI ဆေးရုံကိုဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကမ္ဘာ့ပထမဆုံး AI ဆေးရုံသည် ကျန်းမာရေးစောင့်ရှောက်မှုကို အသွင်ကူးပြောင်းနေပြီး အာရှ၏ကျန်းမာရေးစောင့်ရှောက်မှု ဆန်းသစ်တီထွင်မှုတွင် ရှေ့ပြေးအောင်မြင်မှုတစ်ခုဖြစ်လာခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံပေကျင်းရှိ အစိုးရတက္ကသိုလ်တစ်ခုဖြစ်သည့် Tsinghua University တက္ကသိုလ်သည် ကမ္ဘာပေါ်တွင် ပထမဆုံးသော AI ဆေးရုံ၊ Agent Hospital virtual AI အေးဂျင့်များ၊ ဆေးခန်းစောင့်ရှောက်မှုနှင့် လေယာဉ် မှူးများကို စမ်းသပ်တီထွင် ထုတ်လုပ်နေခြင်းဖြစ်သည်။
AI နှင့် ၎င်း၏ တိုးတက်မှုများသည် လူ့အဖွဲ့အစည်းအပေါ် များစွာသော အကျိုးသက်ရောက်မှုရှိခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုသည် လူသားများအတွက် အရေးအကြီးဆုံးထဲမှ တစ်ခုဖြစ်ခြင်းကြောင့် တရုတ်နိုင်ငံက AI ၏အခန်းကဏ္ဍကို ကျန်းမာရေးတွင်ပါ ထည့်သွင်းပြီး လူသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွင် အရှိန်အဟုန်ကြီးမားစွာ ဆောင်ရွက်နေခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် AI(ဉာဏ်ရည်တုနည်းပညာ)အတွက် တရုတ်နိုင်ငံ၏ ရည်မှန်းချက်များမှာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းနေသည်။ နိုင်ငံအများအပြား၏ GDP ကို AI အခန်းကဏ္ဍဖြင့် ကျော်လွန်နိုင်ရန် ရည်မှန်းလျက် ရှိနေသည်။ လာမည့် ၂ဝ၃ဝ ပြည့်နှစ်တွင် တရုတ်နိုင်ငံသည် AI ဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံကျော်ရင်းနှီးမြှုပ်နှံရန် ခန့်မှန်းထားသည်ဟု ဆိုသည်။
တရုတ်နိုင်ငံ၏ ကမ္ဘာ့ပထမဆုံးသော AI ဆေးရုံတွင် လူနာများကို AI ဆရာဝန် ၁၄ ဦးက ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး ယင်း AI ဆရာဝန်များသည် လူသားများ၏သန်းပေါင်းများစွာသော ရောဂါမှတ်တမ်းများကို စက္ကန့်ပိုင်းအတွင်းမှာပင် ရှာဖွေနိုင်ပြီး ကင်ဆာရောဂါ၊ လေဖြတ်ရောဂါနှင့် ကူးစက် ရောဂါများကို တိကျမှန်ကန်စွာ ဖော်ထုတ်ကုသနိုင်ကြောင်း သိရသည်။
အဆိုပါ ဆေးရုံတွင် လူနာများက ဒစ်ဂျစ်တယ်စနစ်ဖြင့် ချိတ်ဆက်ထား သည့် ကွန်ပျူတာမှတစ်ဆင့် AI ဆရာဝန်များနှင့် ဆက်သွယ်ရမည်ဖြစ်သည်။ ယင်းစနစ်ဖြင့် လူနာများ၏ ရောဂါလက္ခဏာများကို သိမ်းဆည်းခြင်း၊ ခွဲစိတ် ကုသရန် လိုအပ်ပါက ချက်ချင်းခွဲစိတ်ကုသခြင်းများကိုပါ အကြံပြုလုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အများစုက AI ဆရာဝန်များကြောင့်လူသားဆရာဝန်များ အလုပ် လက်မဲ့ဖြစ်သွားမည်ကို စိုးရိမ်နေကြကြောင်း၊ သို့သော် AI ဆရာဝန်များကို တီထွင်သူများ၏အဆိုအရ AI ဆရာဝန်များသည် ပုံမှန်လုပ်ရိုးလုပ်စဉ်များကိုသာ လုပ်ဆောင်ပေးမည်ဖြစ်ပြီး လူသားဆရာဝန်များက ပိုမိုပြီးအရေးကြီးသည့် ကိစ္စရပ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ယခုစနစ်သာအောင်မြင်ခဲ့မည်ဆိုပါက ကမ္ဘာတစ်ဝန်းလုံးသို့ပါတိုးချဲ့ပြီး တန်ဖိုးနည်းသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း med-tech.world က ရေးသားဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် ကမ္ဘာ့ပထမဦးဆုံးသော AI ဆေးရုံကို ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ သန်းပေါင်းများစွာသောလူသားများ၏ အသက်ကို ကယ်တင်နိုင်မည့် AI ဦးဆောင်သော ကျန်းမာရေးစောင့်ရှောက်မှုဆီသို့ ခြေလှမ်းအစတစ်ခုပင်ဖြစ်ကြောင်း Tsinghua University တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Source; med-tech.world

image