“ ခင်ဗျားက မိန်းမ မဟုတ်ဘူး ။ ခင်ဗျားက မိန်းမစိတ်ပေါက်နေတဲ့ ယောကျ်ား ။ ကျုပ်ကလဲ ယောကျ်ား ။ ခင်ဗျားနဲ့ တစ်သက်လုံး ဘယ်လိုလုပ်နေရမလဲ ။ ခင်ဗျား နားမလည်ပါဘူး ။ ခင်ဗျား နားမလည်ဘူး ”
“ အေး…နားမလည်ဘူး ။ ငါ သိတာ ငါဟာ မိန်းမပဲ ။
အရာရာ ငါ မိန်းမလိုပဲ နေတယ် ။ ပြောတယ် ။ ရယ်တယ် ။ ငိုတယ် ။ အားလုံးကို မိန်းမလိုပဲ ငါ ခံစားတယ် ။ ငါဟာ မိန်းမပဲ ။ ငါ့ကိုယ်ငါတော့ မိန်းမပဲ ”
ကျနော် ဖတ်ခဲ့ဖူးသမျှ အကြိုက်ဆုံး စာအုပ်တွေထဲက တစ်အုပ်ပါပဲ ။ နတ်ပွဲတွေဆို သိပ်ပြီး စိတ်မဝင်စားတဲ့ ကျနော် ဒီစာအုပ်လေး ဖတ်ပြီးတဲ့အချိန်မှာ တောင်ပြုန်းပွဲတော်ကြီးဆီ သွားချင်စိတ်တွေ တဖွားဖွားပေါ်လာတဲ့အထိ အလွန်ပဲ ရသစုံလင်တဲ့ စာအုပ်ကောင်းလေးပါ ။
ဒီစာအုပ်ထဲမှာ တောင်ပြုံးပွဲတော်အကြောင်းနဲ့ တောင်ပြုန်းပွဲကို အမှီပြုနေရတဲ့ နတ်ကတော်တွေအကြောင်းကို သေချာပြည့်ပြည့်စုံစုံလေး ရေးထားတဲ့အတွက် ကိုယ်တိုင်တောင်ပြုန်းပွဲ ရောက်နေသလိုမျိုးကို ခံစားရစေတာ အမှန်ပါ ။
“ ဟေ့...လာ..လာ...လာနော်...ပျင်းသလားကွဲ့နော် သီချင်း သွားဟစ်အော်....မင်းနှစ်ပါးရဲ့....ပွဲတော်...ပွဲတော်...စလား နောက်လား....ပျော်..ပျော်...တကြော်ကြော်...သူ စိတ်မဆိုးနဲ့.....ထုံးစံမို့နော်...... ”
နတ်ဒိုးသီချင်းလေးကို ဖတ်မိလိုက်တဲ့ ခန ကိုယ်တိုင်တောင်ပြုံးပွဲကို သွားပြီး နတ်ဒိုး ကချင်နေတော့တာပါပဲ 😅 ဒီစာအုပ်ရဲ့ အဓိက ဇာတ်လိုက် ကျော်ကြီးကတော့ တောင်ပြုန်းနယ်တခွင် နာမည်ကြီးလှတဲ့ မိန်းမလျှာ နတ်ကတော်ကြီး ဒေစီဂျိမ်း လို့ ခေါ်တဲ့ ဂျိမ်းစ်ဘွန်းမကြီးပါ....🧡
မင်းမင်းဆိုတဲ့ ကောင်လေးတစ်ယောက်ကို ငယ်ငယ်လေးတည်းက ငွေငါးရာနဲ့ဝယ်ခဲ့ပြီး ချစ်မြတ်နိုးခဲ့ရတဲ့သူ...မိန်းမလျှာတစ်ယောက်ရဲ့ သူမြတ်နိုးရတဲ့ယောက်ျား တစ်ယောက်အပေါ် အနွံတာခံကာ ဘယ်နေ့များ ရင်ဝကို ခြေစုံကန် ပစ်သွားမလဲဆိုပြီးရင်တမမနဲ့ စောင့်နေရတဲ့ နတ်ကတော်ကြီး ဒေစီဂျိန်းဘဝဟာ တကယ်ကို ရင်ထဲထိမိပြီး ခံစားရတာ အမှန်ပါ ။ သူ့အချစ်တော်လေးနဲ့ ပတ်သက်ရင် ကတ်ကတ်လန် မျက်စိအောက်က အပျောက်မခံနိုင် ချွဲချင်နွဲ့ချင်ပုံတွေကို ဟာသလေးစွက်ပြီးရေးထားတာ တကယ်ကို မျက်စိရှေ့မှာမြင်နေရတဲ့အတိုင်းပါပဲ ။
“ တစ်ခါတလေတော့ ခွင့်လွှတ်မှပေါ့ဗျာ ။ မိန်းမအစစ်ရဲ့အသားလေးတွေနဲ့ ထိတွေ့သာယာပါရစေဦး ။ လူဟာ သဘာဝတရားကို ဆန့်ကျင်ပြီး ကြာရှည်မနေအပ်ဘူး ။ မနေသင့်ဘူး ။ ဂျိမ်းစ်ဘွန်းမကြီး ဒါတွေကို ခင်ဗျားဘယ်တော့မှ နားလည်မှာမဟုတ်ပါဘူး။ ”
ဒေစီဂျိမ်းရဲ့ ဝေယျာဝစ္စတွေ ထမီခေါက်ပေးတာမှအစ အစစအရာရာ လိုလေသေးမရှိ စီမံဆောင်ရွက်ပေးခဲ့ပေမယ့်လည်း တကယ်တမ်း ဒေစီဂျိမ်းအပေါ် ဦးလေးလိုမျိုး အကိုလိုမျိုး သံယောဇဉ်သာရှိခဲ့ရာကနေ သူ တကယ်မြတ်နိုးရတဲ့ ပန်းညို ဆိုတဲ့ ကောင်မလေးကို ချစ်မိသွားတဲ့အခါ....
ဒေစီဂျိမ်းက ထွက်သွားခွင့်ပြုမလား?
မင်းမင်းကရော ဒေစီဂျိမ်းကို ပစ်ပြီး ချစ်ရသူနဲ့ နှစ်ကိုယ် တူဘဝထူထောင်မလား ??? ဆိုပြီး စိတ်ဝင်တစားဖတ်ခဲ့ရတဲ့ စာအုပ်ကောင်းလေးပါ ။
“ သက်ဆိုင်သူသို့.....ပို့မေတ္တာ....တေးလွှာဝေ....မေ့မေတ္တာ မေ့မေတ္တာ....သောက်ကာသုံး......ပြုံးရွှင်စေ
သက်ဆိုင်သူရေ.....မေ့အသံအား....မှတ်မိပါရဲ့လားလေ ” နာကျင်နေတဲ့ သီချင်းသံလေးဟာ မင်းမင်းနဲ့ အဝေးကြီးကို ဝေးကွာလို့ သွားခဲ့ပါပြီ ။
ဒီစာအုပ်လေးဖတ်ပြီး ဒေစီဂျိမ်းလိုမျိုး ကိုယ် ချစ်ရတဲ့သူကို ပိုင်ဆိုင်ဖို့အတွက် ဘဝမှာ တစ်ခါလောက်တော့ လောဘတက် အတ္တကြီးချင်မိပါရဲ့........
#နုနုရည်အင်းဝ
#ပြုံး၍လည်းကန်တော့ခံတော်မူပါ
#ရယ်၍လည်းကန်တော့ခံတော်မူပါ
#thiha_lynn_thant
@THL&T