ကိုယ့်ဥယျာဉ်လေးကို နေ့စဉ် ပေါင်းနုတ်ဖို့ လိုတယ် ။ အရာရာတိုင်းနဲ့ ပတ်သက်ပြီး ဘယ်လို အဓိပ္ပာယ်ကောက်နေသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိရမယ် ။ ပထမဦးဆုံး ငါ ဘာတွေ တွေးနေသလဲဆိုတာ သိအောင်လုပ်ပါ ။ အကောင်းကို တွေးနေသလား ၊ အဆိုးကို တွေးနေသလား ဆိုတာ သိအောင် လုပ်ပါ ။ အကောင်းတွေ တွေးနေတဲ့အခါ ဘယ်လို ခံစားရသလဲ ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်သလဲဆိုတာ သတိထားကြည့်ပါ ။ ကိုယ့်စိတ်မှာ ဖြစ်သမျှကို သတိထားပြီး သိနေရင် ကိုယ့်စိတ်ကို ကိုယ် ရှင်းပြီးသား ဖြစ်သွားတယ် ။
ဘာဖြစ်လို့လဲဆိုတော့ သတိနဲ့ အကြည့်ခံလိုက်ရတဲ့ အတွေးတွေ ၊ ခံစားမှုတွေဟာ စိတ်ကို နှောင်ဖွဲ့လို့ မရဘူး ။ အဲဒါ ကိုယ့်ဥယျာဉ်လေးကို ကိုယ် နေ့စဉ် ပေါင်းနုတ်နေတာပဲ ။ နေ့စဉ် မြင်နေ ၊ ကြားနေ ၊ ထိတွေ့နေရတာတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ့်စိတ်က ဘယ်လို အဓိပ္ပါယ်ကောက်နေသလဲ ၊ ဘယ်လို သဘောထားသလဲ ၊ ဘယ်လိုဆုံးဖြတ်သလဲ ဆိုတာကို သိနေဖို့ လိုပါတယ် ။ ကိုယ်က အဓိပ္ပာယ် ကောက်တာပေါ် မူတည်ပြီးတော့ ကိုယ့်စိတ်မှာ ခံစားမှုဖြစ်တယ် ။
ဒီလို အဓိပ္ပာယ်မကောက်ဘဲ နောက်တစ်မျိုး အဓိပ္ပာယ်ကောက်ရင်ကော ရသလား” ဆိုပြီး တစ်မျိုးပြောင်းကြည့်ပါ ။ ဒီလို ပြောင်းလိုက်တော့ ခံစားမှု ဘယ်လိုပြောင်းသလဲ ၊ အသိ အမြင် ဘယ်လိုပြောင်းသွားသလဲဆိုတာ သတိထားကြည့်ပါ ။ ကိစ္စတစ်ခုခု အခြေအနေတစ်ခုခုကို မြင်ရ တွေ့ရတဲ့အခါမှာ တကယ် အရှိအတိုင်း မြင်ကြတာ မဟုတ်ဘူး ။ ကိုယ်လိုသလို ပြုပြင်ပြီး အဓိပ္ပာယ် ကောက်ကြတာပဲ ။
#ဆရာတော်ဦးဇောတိက

image