တိုင်ဖွန်း ရာဂါဆာ ဟောင်ကောင်ကို လေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၂၀၀ နှုန်းနီးပါးဖြင့် ဝင်ရောက်
------------------------------------------
အပူပိုင်း တိုင်ဖွန်းမုန်တိုင်း ရာဂါဆာသည် ယနေ့ (စက်တင်ဘာ ၂၄ရက်) တွင် ဟောင်ကောင်သို့ ဝင်ရောက်ခဲ့ပြီး မုန်တိုင်း၏ အလယ် ဗဟိုအနီးတွင် လေတိုက်နှုန်း အမြင့်ဆုံး ၁၉၅ ကီလိုမီတာ (တစ်နာရီ မိုင် ၁၂၀ ကျော်) အထိရှိကြောင်း ဟောင်ကောင် မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။
ယခုနှစ်အတွင်း ကမ္ဘာပေါ်တွင် အားအကောင်းဆုံးဖြစ်သည့် အဆိုပါ မုန်တိုင်းကြောင့် လှိုင်းလုံးကြီးများ ဖြစ်ပေါ်နိုင်ပြီး အချို့နေရာများတွင် ရေမျက်နှာပြင်သည် ပုံမှန်ထက် ၄ မီတာမှ ၅မီတာ (၁၃ပေမှ ၁၆ပေ) အထိ ပိုမို မြင့်တက်နိုင်ကြောင်း သတိပေးထားသည်။
တိုင်ဖွန်း ရာဂါဆာကြောင့် ဟာရီကိန်းလေပြင်းများနှင့် မိုးသည်းထန်စွာရွာသွန်းများ ဖြစ်ပေါ်ကာ ထိုင်ဝမ်တွင်လည်း မိုးကြီးမှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထိုင်ဝမ်နိုင်ငံ၏ အရှေ့ပိုင်း ဟွာလီယင်ခရိုင်ရှိ ရေကာတာတစ်ခုသည် ကန့်သတ်ရေပမာဏထက် ကျော်လွန်ပြီး မြို့တစ်မြို့လုံးကို ရေလုံးကြီးများလွှမ်းမိုးသွားခဲ့သည်။
ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ရှိရာ လန်တောင်ကျွန်းအပါအဝင် အစွန်အဖျားကျွန်းများတွင် ရေလွှမ်းမိုးမှုများ ကြုံတွေ့ခဲ့ရပြီး ကမ်းခြေများနှင့် သစ်ပင်ပန်းပင်များလည်း ရေလွှမ်းခဲ့ကြောင်း သိရသည်။
မုန်တိုင်းသည် လူဦးရေ ၁၂၅ သန်းကျော်နေထိုင်သည့် တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်ကမ်းရိုးတန်းသို့ ရွေ့လျားသွားသည်နှင့်အမျှ ထပ်ဆင့်မုန်တိုင်း၏ အားအင်မှာ ဆက်လက်ရှိနေမည်ဟု ခန့်မှန်းထားပြီး မွန်းတည့်ချိန် (ဂရင်းနစ်စံတော်ချိန် ၀၄း၀၀) မှစ၍ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။
ရာဂါဆာမုန်တိုင်းသည် စက်တင်ဘာ ၂၂ ရက်နေ့က ဖိလစ်ပိုင်မြောက်ပိုင်း နှင့် စက်တင်ဘာ ၂၃ ရက်နေ့တွင် တိုင်ဝမ်ကို ဖြတ်ကျော်ခဲ့သည်။
−−−−−−−−−−−−−−−−−−−−−−−−−−−−−
Credit>>#