◾️အာဖဂန်ကလေးတစ်ဦးနယူးဒေလီသို့လေယာဉ်ဘီးခန်းအတွင်းပုန်းအောင်းလိုက်ပါခဲ့
အသက် ၁၃ နှစ်အရွယ် အာဖဂန်ကလေးတစ်ဦးသည် Kam Air လေကြောင်းလိုင်း လေယာဉ်တစ်စီး၏ ဘီးခန်းအတွင်း ပုန်းအောင်းလိုက်ပါပြီး အာဂဖန်နစ္စတန်မြို့တော် ကဘူးလ်မြို့မှ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီသို့ လိုက်ပါခဲ့ကြောင်း သိရသည်။
ယမန်နေ့က ဒေလီနိုင်ငံတကာလေဆိပ်တွင် လေယာဉ်ဆင်းသက်ပြီးနောက် ၎င်းအား လေဆိပ်အတွင်း လျှောက်သွားနေသည်ကို တွေ့ရှိခဲ့ရကြောင်းအရာရှိများက ပြောကြားကြသည်။
လေယာဉ်ကွင်းအတွင်း တစ်ဦးတည်း ဦးတည်ရာမဲ့ လျှောက်သွားနေခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ၎င်းအား ခေါ်ယူစစ်ဆေးခဲ့သည်။
စူးစမ်းလေ့လာလိုသော စိတ်ကြောင့် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက အာဏာပိုင်များကို ပြောကြားခဲ့သည်။
ခရီးသည်တင်လေယာဉ်၏ အဆင်းဂီယာထားရှိသော အခန်းလေးထဲတွင် ပုန်းအောင်း၍လိုက်ပါခဲ့သည်ဟု ယင်းကလေးက အာဏာပိုင်များအား ပြောကြားခဲ့သည်ဟု ဆိုသည်။
လုံခြုံရေးအရ စစ်ဆေးချိန်တွင်လည်း အဆင်းဂီယာထားရှိသော အခန်းအတွင်းမှ အနီရောင် စပီကာငယ်လေးတစ်လုံးကို ဝန်ထမ်းများက တွေ့ရှိခဲ့သည်။
၎င်းက အီရန်သို့ သွားရောက်ချင်ခဲ့ကြောင်း နှင့်လိုက်ပါခဲ့သော လေယာဉ်မှာ နယူးဒေလီသို့ သွားရောက်မည်ကို မသိရှိခဲ့ကြောင်း အိန္ဒိယအိတ်စပရက်စ် သတင်းစာက ဆိုသည်။
၎င်းက ကဘူးလ်လေဆိပ်ထဲသို့ ခိုးဝင်ပြီး ခရီးသည်များနှင့်အတူ ရောယောင်လိုက်ပါခဲ့ကာ လေယာဉ်အဆင်းဂီယာ( ဘီး ထားရှိသည့်)အခန်းငယ်ထဲသို့ ဝင်ရောက်ပုန်းအောင်းနေခဲ့ပြီး ၎င်းနှင့်အတူ အနီ‌ရောင်စပီကာလေးသာ ပါရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါသတင်းစာက ဆိုသည်။
၎င်းအား အိန္ဒိယလုံခြုံရေး အရာရှိများက ထိန်းသိမ်းခဲ့ကာ နာရီပေါင်းများစွာ မေးမြန်းစစ်ဆေးပြီးနောက် အဆိုပါ လေယာဉ်ခရီးစဉ်ဖြင့်ပင် ကဘူးလ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြသည်။
ထိုကဲ့သို့ လေယာဉ်အဆင်းဂီယာခန်းအတွင်း ခိုးကြောင်ခိုးဝှက်လိုက်ပါ၍ ဥရောပနှင့် အမေရိကန်သို့ လိုက်ပါခဲ့မှုများ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော်လည်း အသက်ရှင်ကျန်ရစ်သူ အလွန်နည်းပါးကြောင်း သိရသည်။
ထိုကဲ့သို့ လေယာဉ်ခရီးစဉ်များကို အသက်ရှင်လျက် လိုက်ပါနိုင်ခဲ့ပါကလည်း ၎င်းတို့မှာ သတိမေ့မြောနေတတ်ပြီး လေယာဉ်က အဆင်းဂီယာကို ချလိုက်ချိန်၌ ပြုတ်ကျပြီးသေဆုံးနိုင်သည့် အန္တရာယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားကြသည်။
၂၀၂၂ ခုနှစ်ကလည်း လေယာဉ်အဆင်းဂီယာခန်းအတွင်း လိုက်ပါခဲ့သည့် အသက် ၂၂ နှစ်အရွယ် ကင်ညာအမျိုးသားတစ်ဦးအား အမ်စတာဒမ်လေဆိပ်၌ အသက်ရှင်လျက်တွေ့ရှိခဲ့ကြသည်။
သတင်း-ရဲမင်း
ကိုးကား-BBC
#နိုင်ငံတကာသတင်း

image