◾️အမျိုးသမီးငယ်များကိုတရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ရန် ပစ်မှတ်ထားစည်းရုံးသိမ်းသွင်းမှုများရှိလာ
တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ရန် အသက်မပြည့်သေးသည့်အမျိုးသမီးငယ်များကို ပစ်မှတ်ထား စည်းရုံးသိမ်းသွင်းမှုများရှိလာကြောင်း ယခုနှစ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် သတင်းများအရသိရသည်။
အသက်မပြည့်သေးသည့်အမျိုးသမီးငယ်များကို ၎င်းတို့နှင့်နီးစပ်သူများမှ တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကြေးအမြောက်အမြားရမည်ဟုစည်းရုံးကာ လူကုန်ကူးရန်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနက် အငယ်ဆုံးမှာ အသက်(၁၃) နှစ်ဖြစ်ပြီး အကြီးဆုံးမှာအသက်(၂၀)အရွယ် မိန်းကလေးများ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီလိုမျိုးဖမ်းမိတဲ့သတင်းတွေခဏခဏဖတ်ရသလို လူမသိလိုက်ဘဲရောင်းစားခံရတဲ့မိန်းကလေးတွေ လည်း အများကြီးရှိမှာပါပဲ။ ဒီလိုဖြစ်ရပ်တွေ ထပ်မဖြစ်ရအောင် ကလေးတွေကိုနားလည်အောင်ရှင်းပြ ပြောပြသင့်သလို သက်ဆိုင်ရာကလည်း ဒီထက်ပိုထိထိရောက်ရောက်အရေးယူနိုင်ရင် အကောင်းဆုံး ပေါ့ ” ဟု ရန်ကုန်မြို့မှကလေးမိဘတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ယမန်နေ့(စက်တင်ဘာ ၂၂ ရက်) ထုတ်နိုင်ငံပိုင်သတင်းစာတွင်လည်း ကျောက်တံတားမြို့နယ်နေ အသက်(၂၀)နှစ်ရှိအမျိုးသမီးအား တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ပါက ငွေကျပ် သိန်း ၅၀ ရမည်ဖြစ်ပြီး စရိတ်ကုန်ကျခံ၍ ပို့ဆောင်ပေးမည်ဟု မခင်လှရီ (ခ) မရှည်ကစည်းရုံးပြောဆို ကာ မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် နေထိုင်စေခဲ့ကြောင်းဖော်ပြထားသည်။
လှိုင်သာယာမြို့နယ်၊ ရွှေဥက္ကံရပ်ကွက်နေမသဲအိကျော်(ခ) သဲသဲသည် တစ်ရပ်ကွက်တည်း နေထိုင်သူ အသက် (၁၇)နှစ်အရွယ်ရှိအမျိုးသမီးအား တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ရန် စည်းရုံးပြောဆိုပြီး တည်းခိုခန်းသို့လာရောက်ပို့ဆောင်ခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။
အဆိုပါအမျိုးသမီးငယ်နှစ်ဦးကို တရုတ်နိုင်ငံသို့ပို့ဆောင်ရန်ခေါ်ဆောင်လာစဉ် မန္တလေးမြို့၌ဖမ်းဆီးရမိ ပြီး လူကုန်ကူးရန်စီစဉ်သူ မခင်လှရီနှင့်အမျိုးသားတစ်ဦးအား အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ချမှတ် လိုက်ကြောင်းသိရသည်။
တရုတ်ဇနီးမယားအဖြစ်ရောင်းစား၍ လူကုန်ကူးရန်ကြံစည်ဆောင်ရွက်သူများထဲတွင်လည်း အသက် မပြည့်သေးသူများပါဝင်နေပြီး ၎င်းတို့အား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၈၈ (ဂ) အရ အမှုတစ်မှုချင်းစီအတွက် အလုပ်မဲ့ထောင်ဒဏ်သုံးနှစ်စီချမှတ်ထားပြီး ကျန်တရားခံများ အား လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေ ပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရအလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က) အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ စီချမှတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်စာရင်းများအရသိရသည်။
ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က မြန်မာနိုင်ငံမှအမျိုးသမီးများအား ဇနီးမယားအဖြစ်တရုတ် နိုင်ငံသို့ လူကုန်ကူးရောင်းစားခံရမှုသည် စိုးရိမ်စရာအခြေအနေရှိနေကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်ကထုတ်ပြန်သည့် Sold To China အမည်ရှိအစီရင်ခံစာတွင် ဖော်ပြထားသည်။
ပုံစာ - ယခုနှစ်မေလအတွင်းလူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သည့် ဒလမြို့နယ်ရှိ အသက်(၁၃)နှစ်နှင့် အသက်(၁၆) နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးကို တရုတ်အမျိုးသားနှင့်လက်ထပ်ပါက ရွှေထည်ပစ္စည်းများဆင်ပေးပြီး ငွေကြေးဖြင့်တင်တောင်းမည်ဟု ပြောဆိုစည်းရုံးသည့်ရုပ်သံဖိုင်မှ ။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း