◾️ဦးနုဒေါ်မြရီဖောင်ဒေးရှင်း၌ ခြေတုလက်တုတပ်ဆင်ရန် စာရင်းပေးသွင်းသူ ၃၀၀ ဦးကျော်ရှိ
ဦးနုဒေါ်မြရီဖောင်ဒေးရှင်း၏ စတုတ္တအကြိမ်မြောက် ခြေတုလက်တုအခမဲ့တပ်ဆင်မည့်အစီအစဉ်တွင် စာရင်းပေးသွင်းသူ ၃၀၀ ကျော်ရှိပြီဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းထံမှသိရသည်။
ခြေတုလက်တုအခမဲ့တပ်ဆင်မည့်အစီအစဉ်အား နှစ်စဉ်ပြုလုပ်လျက်ရှိသည့် အောက်တိုဘာ ၂ ရက်၊ နံနက် ၁၀ နာရီတွင်ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ "ပိဋကတ်သုံးပုံ နိကာယ်စာသင်တိုက်” ၌ပြုလုပ်မည်ဖြစ်ကြောင်း၊ ဖွင့်ပွဲပြုလုပ်သည့်နေ့မှ စတင်ကာ တစ်ရက်လျှင် ၁၂ ဦးနှုန်းဖြင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။
"သတ်မှတ်ထားတာကတော့ လူဦးရေ ၃၀၀ ပေါ့။ ဒါပေမယ့် စာရင်းအရဆို ၃၀၀ ကျော်သွားပြီ။ နောက်ပိုင်းလူတွေက break လုပ်ရတာပေါ့။ စိတ်တော့မရှိပါနဲ့ မလာတဲ့လူရှိရင် လူစားထိုးလို့ရ ထိုးပေးပါ့မယ်လို့ပြောထားရတယ် " ဟု ဦးနုဒေါ်မြရီဖောင်ဒေးရှင်းမှ အတွင်းရေးမှူးဦးစိုးလွင်က စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
၎င်းတို့အနက် ခြေတုလက်တုလာရောက်တပ်ဆင်သူ လူနာအသစ်များသာမက ယခင်တပ်ဆင်ဖူးပြီး အရွယ်အစားပြင်ဆင်လိုသူများ၊ ခြေတုလက်တုပျက်စီးသူများလည်းပါဝင်ကြောင်းသိရသည်။
စာရင်းပေးသွင်းသူများထဲတွင် အများဆုံးမှာ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှဖြစ်ကြောင်း၊ အသက်အရွယ်အပိုင်းအခြားအနေဖြင့် ၄၀ ကျော်မှစ၍ ၇၀ ကျော်အထိ အများဆုံးလာရောက်ပြသပြီး ယခုစတုတ္တအကြိမ်တွင် အသက်အငယ်ဆုံးအဖြစ် ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးလည်းပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
နယ်ဝေးမှလာရောက်သူလူနာများအတွက်လည်း ရန်ကုန်မြို့တွင် တည်းခိုရန်နေရာမရှိပါက အဆိုပါ "ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်” တွင်နေထိုင်တည်းခိုရန်သာမက မနက်စာနှင့်ညနေစာပါအခမဲ့ တာဝန်ယူပေးထားကြောင်းသိရသည်။
"ဆရာတော်ကြီးကသုံးထပ်အဆောင်မှာ မွေ့ယာ၊ခေါင်းအုံးကအစ လူ ၂၀ စာ အသစ်ဝယ်ပေးထား တယ်။ ကျွန်တော်တို့ကနယ်ကလူတွေကိုတည်းစရာရှိလားမေးတယ်။ မရှိတဲ့လူကများပါတယ်။ မနက်ဖြန်လိုတပ်ရမယ်ဆို တစ်ရက်ကြိုလာနေဖို့ရော စားဖို့ရော ဘာမှမပူနဲ့။ ကျွန်တော်တို့တာဝန်ယူ တယ်။ ရောက်တာနဲ့လူနာတင်မကဘူး။ လူနာနဲ့ပါတဲ့လူတွေကိုပါ မနက်စာ ထမင်းကျွေးတယ်။ နေ့လယ်ဆို ကော်ဖီနဲ့မုန့်ကျွေးတယ်။ ညအိပ်တဲ့လူတွေကိုလည်း ညစာထမင်းကျွေးတယ်။ သူကဒူးအောက်ကလူဆို နေ့ချင်းပြီးတယ်လေ။ ခြေထောက်စွပ်တာ လေ့ကျင့်ခန်းလုပ်တာပြီးပြီဆို ရန်ကုန်ကလူကတော့ပြန်ပေါ့လေ။ နယ်ကလူကတော့ကျန်ခဲ့တာပေါ့။ ပေါင်သမားကျ ချက်ချင်းလမ်း လျှောက်လို့မရဘူး" ဟုဦးစိုးလွင်ကဆိုသည်။
အခမဲ့ခြေတုလက်တုတပ်ဆင်ခြင်းကို အိန္ဒိယနိုင်ငံအစိုးရ၏ကူညီမှုဖြင့်အိန္ဒိယနိုင်ငံရှိ BMVSS (JAIPUR FOOT) မှပညာရှင်များနှင့် ဦးနုဒေါ်မြရီဖောင်ဒေးရှင်းတို့မှပူးပေါင်းကာ ၂၀၁၇ ခုနှစ်မှစတင်၍ ၂၀၁၉ ခုနှစ်အထိနှစ်စဉ်အခမဲ့တပ်ဆင်ပေးခဲ့ကြောင်း၊ ကိုဗစ်စတင်ဖြစ်ပွားချိန်တွင် ရပ်နားခဲ့ရာမှ ယခုနှစ်တွင် စတုတ္တအကြိမ်အဖြစ်ပြန်လည်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ- U Nu Daw Mya Yi Foundation
#ပြည်တွင်းသတင်း