5 ပတ် - ဘာသာပြန်ပါ။

လာလီဂါအဖွင့်ပွဲ ၆ ပွဲဆက် အနိုင်ရရှိလာတဲ့ ရီးရဲလ်မက်ဒရစ်

စက်တင်ဘာ ၂၄

ရီးရဲလ်မက်ဒရစ်ဟာ အဝေးကွင်းမှာ လီဗန်တေးကို သက်တောင့်သက်သာဖြင့် ဂိုးပြတ် အနိုင်ရရှိကာ လာလီဂါအဖွင့်ပွဲ ၆ ပွဲလုံး အနိုင်ရရှိလာပါတယ်။

မနေ့က လာလီဂါအဝေးကွင်းပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်ဟာ ကိုင်လီယန်ဘက်ပေးရဲ့ သွင်းဂိုး ၂ ဂိုး၊ ဗီနီရှပ်စ်နှင့် မာစတန်တူအိုနိုတို့ရဲ့ သွင်းဂိုး ၁ ဂိုးနဲ့အတူ ၄-၁ ဖြင့် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လီဗန်တေးကို အနိုင်ရရှိမှုနှင့် ဘာစီလိုနာကို ရမှတ် ၅ မှတ်အထိ ဖြတ်ထားလာနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အတွက် ၂ ဂိုးသွင်းခဲ့တဲ့ ကိုင်လီယန်ဘက်ပေးဟာလည်း လာလီဂါ သွင်းဂိုး ၇ ဂိုးအထိ ရှိလာပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပွဲအစ ၂၈ မိနစ်မှာ ဗယ်ဗာဒီရဲ့ ချပေးမှုကနေ ဗီနီရှပ်စ်ရဲ့ လှပလွန်းလှတဲ့ ဝေ့ဝိုက်ကန်ချက်ဖြင့် ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ယင်းနောက် ၃၈ မိနစ်မှာ ဗီနီရှပ်စ်ရဲ့ ချပေးမှုကနေ မာစတန်တူအိုနိုက အပေါ်ထောင့်သို့ အပြင်းကန်ပြီး ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။

အသက် ၁၈ နှစ်ရှိ အာဂျင်တီးနားလက်ရွေးစင်ဟာ ရီးရဲလ်မက်ဒရစ်သို့ ရောက်လာပြီးနောက် ပထမဆုံးဂိုးသွင်းယူခဲ့တာ ဖြစ်ပြီး ဒီဂိုးကြောင့် ကလပ်ရဲ့ လာလီဂါသမိုင်းတွင် စတုတ္ထအသက်အငယ်ဆုံးဂိုးသွင်းရှင် ဖြစ်လာပါတယ်။

လီဗန်တေးဟာ အိုင်ဗန်ရိုမီယိုရဲ့ ဖြတ်တင်ဘောကနေ အီယန်းရဲ့ အနီးကပ်ခေါင်းတိုက်ဂိုးဖြင့် ချေပဂိုးရရှိကာ မျှော်လင့်ချက်လင်းလက်လာခဲ့ပါသေးတယ်။

ဒါပေမဲ့ ကိုင်လီယန်ဘက်ပေးက ၆၄ မိနစ်မှာ သူ့ကြောင့်ရတဲ့ ပင်နယ်တီကနေ Panenka ကန်ချက်ဖြင့် တတိယဂိုးသွင်းခဲ့ပြီး ၆၆ မိနစ်မှာ ဂူလာရဲ့ ဖန်တီးမှုကနေ စတုတ္ထဂိုးသွင်းယူခဲ့ပါတယ်။

လီဗန်တေးနိုင်ပွဲကြောင့် ဇာဘီးအလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်သမိုင်းတွင် ပထမဆုံးလာလီဂါ ၆ ပွဲဆက် အနိုင်ရရှိတဲ့ ဒုတိယမြောက် နည်းပြဖြစ်လာပါတယ်။

သူဟာ စနေနေ့ည အက်သလက်တီကိုနှင့် မက်ဒရစ်ဒါဘီပွဲစဉ်တွင် ဆက်လက် အနိုင်ရရှိလာပါက ၂၀၀၅ ခုနှစ်တုန်းက လူဇမ်ဘာဂိုရဲ့ ပထမဆုံးလာလီဂါ ၇ ပွဲဆက် အနိုင်ရရှိတဲ့ သမိုင်းမှတ်တမ်းကို လိုက်မီလာပါမယ်။

ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်ကို ဆက်လက် ဖိအားပေးနိုင်ရေးအတွက် ကြာသပတေးနေ့ အိုဗီဒိုအား အဝေးကွင်းသို့ သွားရောက်ရင်ဆိုင်ကစားရပါမယ်။

#ဘောလုံးသတင်းစုံ

image