ကလပ်ဂန္ထဝင်များရဲ့ လူသိရှင်ကြား ဝေဖန်နေမှုများက ယူနိုက်တက်အတွက် အကူအညီ မဖြစ်ကြောင်း စတားဟောင်းအဲရစ်ဆင် ပြောကြားလာ

စက်တင်ဘာ ၂၃

ယူနိုက်တက်စတားဟောင်းခရစ္စတီယန်အဲရစ်ဆင်က ကလပ်ဂန္ထဝင်များဖြစ်ကြတဲ့ ဂယ်ရီနဗီးလ်၊ ရွိုင်ကိန်းတို့ရဲ့ လူသိရှင်ကြား ဝေဖန်နေမှုများက ကလပ်အတွက် အကူအညီ မဖြစ်ကြောင်း ပြောကြားလာပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရပ်တည်ခဲ့တဲ့ ရူဘင်အမိုရမ်ရဲ့ ယူနိုက်တက်ဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်တွင် ခက်ခဲစွာ စတင်နေရပြီး အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။

ယူနိုက်တက်ကစားသမားဟောင်းများဖြစ်ကြတဲ့ ဂယ်ရီနဗီးလ်၊ ရွိုင်ကိန်းတို့ဟာ ရုပ်သံတွင် ဘောလုံးဝေဖန်ရေးသမားအဖြစ် အလုပ်လုပ်နေမှုနှင့်အတူ ယူနိုက်တက်အား အစဉ်သဖြင့် ဝေဖန်လာခဲ့ကြသူများလည်း ဖြစ်ပါတယ်။

ယခုအခါ အဲရစ်ဆင်က "ဒီကလပ် ဘယ်လောက်ကြီးမားတယ်ဆိုတာ မြင်နိုင်တယ်။ လူတွေ ဘယ်လောက်တောင် ဒီကလပ်မှာ ပါဝင်ချင်ကြသလဲ။ မီဒီယာအာရုံစိုက်ခံချင်ကြသလဲ။ အခု ယူနိုက်တက်ရဲ့အခြေအနေကို ပြောဆိုနေတာ ကလပ်ရဲ့ ပါဝါကြောင့်ပါ။ အမြင်ကို ပြောတယ်ဆိုပေမဲ့ ကလပ်အတွက် အပြုသဘောဆောင်တဲ့ ခံစားချက် မပါဘူး။ ပရိသတ်တွေက တီဗွီမှာ သူတို့ သူရဲကောင်းပြောသမျှ ထောက်ခံနေကြတော့ ကလပ်မှာရှိတဲ့ ကစားသမားတွေအတွက် အထောက်အပံ့ မဖြစ်ဘူး"လို့ ပြောကြားသွားပါတယ်။

အဲရစ်ဆင်ဟာ ယူနိုက်တက်တွင် ကစားစဉ်အတွင်း ခါရာဘောင်ဖလားနှင့် အက်ဖ်အေဖလားတို့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲရစ်ဆင်က အက်ဖ်အေဖလားနှင့် ခါရာဘောင်ဖလား ဆွတ်ခူးနိုင်မှုမှာ အခြားကလပ်များအတွက် ဂုဏ်ယူစရာ ဖြစ်ပေမဲ့ ယူနိုက်တက်အတွက်မူ ဂုဏ်ယူစရာ မဟုတ်ကြောင်းလည်း ဆိုသွားပါသေးတယ်။

#ဘောလုံးသတင်းစုံ

image