ရန်ကုန်နှင့် မန္တလေးတွင် တစ်ရက်အတွင်း ကျပ်သိန်း (၁၀၀၀)နီးပါးတန်ဖိုး စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တို့တွင် တစ်ရက်အတွင်း ငွေကျပ်သိန်း (၁၀၀၀)နီးပါးတန်ဖိုး စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်၊ မွန်းလွဲ (၂) နာရီ (၁၀) မိနစ်ခန့်က အင်းစိန်မြို့နယ်၊ မြို့သစ်(က/ခ) ရပ်ကွက်၊ (က/၄) လမ်းတွင်စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်သတင်းအရ လမ်းလျှောက်လာသော ဝင်းထွန်းအောင်(ခ)နောင်နောင်အား ရှာဖွေစစ်ဆေးခဲ့ရာ ကျပ်သိန်း(၅၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၅၀,၀၀၀) ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းနေ့၊ မွန်းလွှဲ (၃) နာရီခန့်ကလည်း မဟာအောင်မြေမြို့နယ်၊ ချမ်းမြေ့သာစည်မြောက်ရပ်ကွက်၊ ၈ဝ×၈၁ လမ်းကြား၊ ၄၂×၄၃ လမ်းကြားနေရှိ နေအိမ်တစ်လုံးကို ပူးပေါင်းအဖွဲ့ဝင်များသည် သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အသက် (၄၈) နှစ်အရွယ် ကိုထွန်းအေးကို နေအိမ်အတွင်းမှ ငွေကျပ်သိန်း (၄၈၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၂၄,၀၀၀) ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့ကို သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image