❝ပရိတ်တရားတော်များကို မရွတ်ဖတ်ကောင်းဘူးဟု ဟောပြောခဲ့သော (၁၈)မိုင် တောရကျောင်းဆရာတော်ကို မြို့နယ် သံဃနာယကအဖွဲ့က ခေါ်ယူစစ်ဆေးပြီး မဟနထံ ဆက်လက်တင်ပြမည်❞

 စက်တင်ဘာ ၂၃

မြတ်စွာဘုရားဟောကြားထားသော ပရိတ်တရားတော်များကို မရွတ်ဖတ်ကောင်းဟုဆိုကာ လူအများကို ဟောကြားခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာအုပ်စု၊ (၁၈)မိုင် တောရကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒသာရ ကို လှည်းကူးမြို့နယ် သံဃနာယကအဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေါက်တာစကြ၀ဠာ ဟု သူ့ကိုယ်သူအမည်ပေးထားသော ၁၈ မိုင် တောရကျောင်းဆရာတော် ဘဒ္ဒန္ဒဣန္ဒသာရ သည် ပရိတ်တရားတော်များကို ဘယ်အရာမှ မရွတ်သင့်ဘူးဟူသော ဟောပြောမှု၊ ငရဲပြည်ကို သွားကြည့်ဖူးကြောင်း ဟောပြောမှု၊ လူသိခံ၍မရသည့် သုသာန်ဓုတင်ဆောင်မှုကို ၎င်းက ဗွီဒီရိုရိုက်ကာ လူမှုကွန်ရက်တွင် တင်ပြခဲ့မှုအပြင် အခြား လွဲမှားနေသော ဟောပြောမှုများကို စိစစ်သင့်ကြောင်း လူမှုကွန်ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် လှည်းကူးမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာ ၂၁ ရက်တွင် ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ဆေးမှုကို စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ နိဗ္ဗာန်ဆိပ်ဦးမဟာစည်ရိပ်သာကျောင်းတိုက်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့စစ်ဆေးခြင်းသည် အမှားကိုဝန်ခံခိုင်းခြင်း၊ ကျေအေးပေးခြင်းတို့ ဆောင်ရွက်ရန်မဟုတ်ဘဲ ၎င်းကိုယ်တိုင်ဟောကြားထားသည်ဟု ဝန်ခံချက်၊ အတည်ပြုချက်ကိုရယူ၍ ဆရာတော်ဘုရားကြီးများ၏ ဩဝါဒကိုခံယူရန်အတွက်သာဖြစ်ကြောင်း လှည်းကူးမြို့နယ်သံဃနာယကအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းစစ်ဆေးမှုကို ခံယူခဲ့သည့် ၁၈ မိုင် တောရကျောင်းဆရာတော် ဘဒ္ဒန္ဒဣန္ဒသာရကလည်း ၎င်းအနေဖြင့် ဟောကြားခဲ့ကြောင်း ဝန်ခံသဖြင့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော်က ရုပ်သံဖိုင်များနှင့်စပ်လျဉ်း၍ အသေးစိပ်စိစစ်မေးမြန်းခဲ့ပြီးနောက် ၎င်းဟောပြောမှု ရုပ်သံဖိုင်များသည် ကိုယ်တိုင်ဟောပြောခဲ့သည့် ရုပ်သံဖိုင်များဖြစ်ကြောင်း အတည်ပြု ဝန်ခံကတိ လက်မှတ်ရေးထိုးစေခဲ့သည်ဟုဆိုသည်။

ထို့နောက် တိုင်းဩဝါဒါစရိယနိဗ္ဗာန်ဆိပ်ဦးဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့၊ အဖွဲ့ဝင် ဇရပ်ကွင်းဆရာတော်နှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာ‌တော်တို့က အသီးသီး ဩဝါဒကထာမိန့်ကြားတော်မူခဲ့ကြပြီး ယင်းအမှုဖြစ်စဥ်ကို နိုင်ငံတော်သံဃမဟာနယကအဖွဲ့ (မဟန) ထံ ဆက်လက်တင်ပြမည်ဖြစ်သည်ဟု လှည်းကူးမြို့နယ်သံဃနာယကအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ၁၈ မိုင်တောရကျောင်းဆရာတော်အား လှူဒါန်းထားသော NPW 4S-6492 BYD Tang ယာဉ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ဗိုလ်မှုးဗထူးလမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းမကြီး လမ်းဆုံတွင် အရှိန်ပြင်းစွာဖြင့် ဆိုင်ကယ်တစ်စီးနှင့် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးကို ဝင်တိုက်ကာ မောင်းပြေးရာမှ လူ ၂ ဦး သေဆုံးမှုဖြစ်ပွားခဲ့သဖြင့် ဝေဖန်ခံနေရသည်ဟု သိရသည်။

#centralnewsnaypyitaw

imageimage