မြစ်ရေတိုက်စား ကမ်းပါးပြိုလို့ ပခုက္ကူက ရွာနှစ်ရွာ အိမ်ဖြိုဖျက်ပြီး ရွာလုံးကျွတ် ပြောင်းရွှေ့နေရ
စက်တင်ဘာ ၂၃၊ ၂၀၂၅
ပခုက္ကူမြို့နယ်ထဲမှာ ဧရာဝတီမြစ်ရေတိုက်စားမှုဆိုးရွားလာတဲ့အခြေအနေ ကြောင့် သိမ်ကုန်းရွာနဲ့ မရိုးကုန်းရွာ နှစ်ရွာမှာရှိတဲ့ နေအိမ် ၂၀၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းရမှာဖြစ်တယ်လို့ ကူညီဆောင်ရွက်ပေးနေသူဆီကသိရပါတယ်။
ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးတွေ အဆက်မပြတ်ပြိုကျလာ တာကြောင့် ကျေးရွာ အတွင်းရှိနေအိမ်တွေ ၊ စာသင်ကျောင်း ၊ ဘုန်းတော်ကြီးကျောင်းအားလုံး ရွာလုံးကျွတ် ဘေးလွတ်ရာကို ရွှေ့ပြောင်းကြရတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ အဆိုပါကျေးရွာနှစ်ခုမှ နေအိမ် ၃၀ ကျော်လောက်သာ ရွှေ့ပြောင်းနိုင်မှုရှိကြောင်း ၊ ကျန်တဲ့နေအိမ်တွေကို ဒေသခံတွေပူးပေါင်းပြီး ဆက်လက်ဖြိုဖျက်ကာ ပြောင်းရွှေ့နေကြဆဲဖြစ်တယ်လို့သိရပါတယ်။
" မြစ်ကမ်းပါပြိုတဲ့ထဲအိမ်ပါတာတော့မရှိသေးဘူး။အိမ်တွေကဖျက်နေတာမပြီးသေးဘူး။အခုမှ အိမ်၃၀ ကျော်လောက်ပဲပြီးသေးတယ်။အိမ်တွေကနှစ်ရွာလုံးကအကုန်ရွှေ့ရမှာပါ။နေလို့မရတော့ဘူး။အခုအိမ်တွေဖျက်ပြီး နီးစပ်ရာမှာတဲလေးထိုးနေကြတယ်။အိမ်တွေဖျက်ပြီးပုံထားပေါ့။အိမ်ရွှေ့တာကတော့ ကိုယ့်အိမ်ကိုယ့်ဘာသာဖျက်ပေါ့။ရွာနီးခြောက်စပ်ကလာကူကြပေါ့။" လို့ ကူညီဆောင်ရွက်ပေးနေသူက ပြောပြပါတယ်။
လက်ရှိမှာ ဖြိုဖျက်ပြီးပြောင်းရွှေ့ဖို့ကျန်နေသေးတဲ့ အိမ်တွေကို အမြန်ရွှေ့ပြောင်းဖို့ လိုအပ်နေသလို ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စုတွေအတွက် ကျေးရွာအသစ်တည်ပြီး နေထိုင်ဖို့ မြေနေရာတွေလိုအပ်နေတယ်လို့သိရပါတယ်။
" ကျေးရွာသတ်မှတ်နယ်မြေမရှိတော့ဘူးဆိုတော့ ပြန်တည်ဆောက်ဖို့မြေနေရာအဓိကလိုအပ်သွားပါတယ်။ အခုရွာနေရာက ပြန်နေလို့မရတော့ဘူး။အိမ်တွေကလည်းဖျက်ဖို့အတော်ကျန်သေးတယ်။ တခြားကျန်တဲ့အကူအညီကတော့သိပ်မလိုပါဘူး။" လို့ သူကဆက်ပြောပါတယ်။
အဆိုပါ သိမ်ကုန်းရွာနဲ့ မရိုးကုန်းရွာမှာ အိမ်ခြေ ၂၂၁ အိမ်ရှိပြီး သစ်သားအိမ်နဲ့ ဝါးထရံဓနိမိုး အိမ်တွေများကြောင်း ကျန်ရှိအိမ်တွေအမြန်ဆုံး ပြောင်းရွှေနိုင်ရေးအတွက်လည်း အကူအညီတွေလိုအပ်တယ်လို့သိရပါတယ်။
လက်ရှိမှာ သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူတွေက ရွှေ့ပြောင်းနေရတဲ့ မိသားစုတွေအတွက် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးတာမျိုးမရှိကြောင်း ၊ အိမ်ဖြိုဖျက်ပြီး ၊ ပစ္စည်းရွှေ့ပြောင်းသူတွေဟာ နီးစပ်ရာမှာတဲထိုးပြီး ယာယီနေထိုင်နေကြရတယ်လို့သိရပါတယ်။
သိမ်ကုန်းရွာနဲ့ မရိုးကုန်းရွာမှာ မြစ်ရေတိုက်စားပြီး ကမ်းပါးဆက်တိုက်ပြိုမှုကို ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းလောက်ကတည်းက ကြုံတွေ့ခဲ့ရတာဖြစ်ကြောင်း အဲဒီကတည်းက နေအိမ်တွေဆက်တိုက်ပြောင်းရွှေ့ခဲ့ကြရတာ ယခုအထိဖြစ်တယ်လို့သိရပါတယ်။
အဆိုပါကျေးရွာနှစ်ရွာက ပခုက္ကူမြို့နဲ့ ခြောက်မိုင်လောက်သာကွာဝေးပြီး ပခုက္ကူတံတားအောက်နားက ရွာတွေဖြစ်တယ်လို့သိရပါတယ်။



