ကျောက်ဆည် ဆင်အလှူပွဲတော်နဲ့ ဆင်အက အလှပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြပြီ

မန္တလေး၊ စက်တင်ဘာ ၂၃

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က ဆင်အလှူပွဲနဲ့ ဆင် အက အလှပြိုင်ပွဲကို ဒီနှစ် သတင်းကျွတ်လဆန်း ၁၄ ရက် အောက်တိုဘာ ၅ ရက်နေ့က စတင်ပြီးကျင်းပမှာဖြစ်ပြီး ပွဲတော်မတိုင်ခင် ကတည်းက ကျောက်ဆည်မြို့မှာရှိတဲ့ ဆင်အကအလှ ပြိုင်ပွဲဝင်အဖွဲ့တွေက ပွဲတော်မှာ ပါဝင်ကျင်းပဖို့ တာဆူနေကြပြီဖြစ်ပါတယ်။

ကျောက်ဆည်မြို့မှာ ရှိတဲ့ ပြိုင်ပွဲဝင်ကြမယ့် ဆင်အကအလှအဖွဲ့တချို့ဟာဆိုရင် မြို့ထဲမှာ တီးဝိုင်းတွေ ဆိုင်းဝိုင်းတွေ တပ်တင်ထားတဲ့ ကားကြီးတွေနဲ့ အလှူခံပြီး ဆင်ရုပ်တွေနဲ့ကပြ ဖျော်ဖြေနေကြပြီဖြစ်သလို တချို့ ဆင်အဖွဲ့တွေဟာဆိုရင် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ကတည်းက ကျောက်ဆည်မြို့ပေါ်မှာ ကပြဖျော်ဖြေ အလှူခံတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆင်ပွဲတော်နဲ့ပတ်သက်ပြီး ပွဲတော်ကျင်းပရေးကော်မတီ အဖွဲ့ဝင်တဦးကို ဆက်သွယ်မေးမြန်းတဲ့အခါ " အစည်းအဝေးက ဒုတိယအကြိမ်ပြီးပါပြီ၊ နောက်နှစ်ရက်လောက်နေရင် တတိယအကြိမ်အစည်းအဝေးကျင်းပတဲ့နေ့မှာမှ ပြိုင်ပွဲဝင်ကြမယ့် ဆင်အရေအတွက် သိရမှာပါ၊ ဒီနှစ်က အရင်နှစ်တွေကထက် ပြိုင်ပွဲဝင်မယ့် ဆင်အကောင်ရေများမယ်လို့ သိထားတယ်၊ တချို့ဆို ဝါဆိုလပြည့်ကျော်ကတည်းက ပြင် ဆင်နေကြတာရှိတယ်" လို့ VOM ပြောပါတယ်။

ဆင်အကအလှပြိုင်ပွဲကိုတော့ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲဝင်ကြမယ့် တင်အဖွဲ့တဖွဲ့ကို ယှဥ်ပြိုင်ချိန် မိနစ် ၂၀ အထိ သက်မှတ်ပေးထားပြီး ရိုးရာဆင်အကကို တန်ဖိုးထားတဲ့အနေနဲ့ ပြိုင်ပွဲမှာ ကလေးဆင်၊ ရိုးရာဆင်၊ ဘော်ကြယ်ဆင်ဆိုတဲ့ သုံးမျိုးသတ်မှတ်ထားတဲ့အထဲကမှ ရိုးရာဆင်ရဲ့ ဆုကြေးငွေကို နှစ်စဥ် ဆုကြေးအများဆုံး ပေးလေ့ရှိတယ်လို့ သိရပါတယ်။

ကလေးဆင် တကောင်ရဲ့ တန်ကြေး ၆ သိန်း၊ ရိုးရာဆင် တကောင် ၁၅ သိန်း၊ ဘော်ကြယ် ဆင်တကောင်ရဲ့ တန်ကြေး သိန်း တရာကျော်ရှိပြီး ပြိုင်ပွဲမှာ အနိုင်ရမယ့် ဆုကြေးငွေက သိန်းသုံးဆယ် ဝန်းကျင်ရှိပေမယ့်လို့ ရိုးရာကို ချစ်မြတ်နိုးကြ တန်ဖိုးထားကြ အနော်ရထာမင်းရဲ့ ကျေးဇူးတော်ကိုသိတတ်တဲ့အနေနဲ့ ရွှေသာလျောင်းစေတီတော်မြတ်ကြီးကို ပူဇော်ကြမှာဖြစ်လို့ တမြို့လုံးမှာ ရှိတဲ့ ဆင်အဖွဲ့တချို့က ပြိုင်ပွဲဝင်ကြမှာဖြစ်သလို ဆင်အဖွဲ့အများစုကလည်း ကျောက်ဆည်မြို့ပေါ်မှာ လှည့်လည် ကပြဖျော်ဖြေကြမှာလည်း ဖြစ်ပါတယ်။

ဒီနှစ် ဆင်အကအလှ ပြိုင်ပွဲမှာ ဇော်ဂျီမောင် ဆင်အကအဖွဲ့ရဲ့ စိန်ရတုအထိမ်းအမှတ်ဖြစ်တာကြောင့် ဇော်ဂျီမောင်၊ ဉာဏ်လင်းထက်နဲ့ သားဇော်ဂျီ ဆင်အဖွဲ့တို့က ပွဲတော်ကို တက်ရောက်ကြမယ့် ဌာနဆိုင်ရာက တာဝန်ရှိသူတွေနဲ့ လာရောက်လည်ပတ်ကြမယ့် ပြည်သူလူထုကို ဆင်အကအလှတွေနဲ့ ဧည့်ခံဖျော်ဖြေသွားမှာဖြစ်တယ်လို့ ဇော်ဂျီမောင်အကအဖွဲ့က VOM ကိုပြောပါတယ်။

ပြည်တွင်းမှာ မက ပြည်ပနိုင်ငံတွေက ကမ္ဘာလှည့်ခရီးသွားတွေပါ စိတ်ဝင်တစား ရှိကြတဲ့ မြန်မာ့ရိုးရာ ကျောက်ဆည်ဆင် အလှူပွဲတော်နဲ့ ဆင်အကအလှ ပြိုင်ပွဲကို နှစ်စဥ် သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့ ကစတင်ကာ ကျောက်ဆည်မြို့က ရွှေသာလျောင်း တောင်ခြေမှာကျင်းပပြုလုပ်ပြီးတော့ လပြည့်နေ့မှာ ဆင်အလှူပွဲတော်ကို ကျင်းပလေ့ရှိပါတယ်။

လယ်တွင်းကိုးခရိုင်ကို ဆည်၊ မြောင်း၊ ကန်၊ ချောင်းတို့ကို ဆည်ဖို့ တည်ဆောက်ပေးခဲ့ပြီး ဆန်၊ ရေ၊ စပါး ပေါကြွယ်ဝအောင် ပြုလုပ်ပေးခဲ့တဲ့ အနော်ရထာမင်းကြီးကို ကျေးဇူး ဆပ်တဲ့အနေနဲ့ ရည်ရွယ်ပြီး ကျင်းပပြုလုပ်လာခဲ့တာ နှစ်ပေါင်း ၉၀၀ ကျော်ရှိပြီဖြစ်ပြီး နှစ် ၁၀၀၀ ပြည့်မယ့်ပွဲတော်အတွက်ကိုလည်း အားခဲထားတယ်လို့ ဆိုပါတယ်။

သတင်းဓာတ်ပုံ (ပုံဟောင်း) / Pyae Phyo Aung

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image