အငှားအိမ်ရာတိုက်ခန်းတွေကို လက်လွှဲရောင်းချမှုမပြုဖို့ သတိပေးထာပေမယ့် ရောင်းချမှုတွေ ဆက်ရှိနေ

စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊‌တောင်ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့နိုင်ငံတော်အစိုးရပိုင်သုခဒဂုံပြည်သူ့အငှားအိမ်ရာတိုက်ခန်းတွေကိုလက်လွှဲ ရောင်းချမှုတွေမပြုလုပ်ကြဖို့ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန DUHD -Ygn ကသတိပေးစာထုတ်ပြန်ထားပေမယ့် ရောင်းချမှုတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။

ပွဲစားတွေကနေတဆင့်အငှားအိမ်ရာအတွင်းကတိုက်ခန်းတွေကိုမဲပေါက်ထားသူအချို့ကမိမိတို့ရဲ့တိုက်ခန်း ‌တွေကိုပြန်လည်ရောင်းချမှုနဲ့အငှားပြန်လည်ချထားမှုတွေရှိနေတယ်လို့သုခဒဂုံပြည်သူ့အငှားအိမ်ရာအ သိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ရွာသာကြီးအနီးမှာရှိတဲ့သုခဒဂုံပြည်သူ့အငှားအိမ်ရာဟာနေရေးအခက်အခဲရှိသူတွေကို(၅)နှစ်တာငှားရမ်းနေထိုင်ခွင့်ပြုထားတဲ့နိုင်ငံတော်ပိုင်ပြည်သူ့အငှားအိမ်ရာတခုဖြစ်ပါတယ်။

"သုခဒဂုံအငှားအိမ်ရာမှာ တရားမဝင်ရောင်းလို့အချုပ်ထဲရောက်သူရောက်နေတယ်။ အိမ်ခန်းပြန်သိမ်းခံရတာလဲ အများကြီးပါ။ မြေညီတွေလက်ညိုးထိုးရောင်းတာကိုလည်း ကြားနေရတယ်။ ရောင်းတဲ့လူလိမ်တွေကတော့ငွေထုပ်ပိုက်ပြေးပြီ။သတိထားကြပါ၊မဝယ်ကြပါနဲ့ ။ လူလိမ်တွေချည်းပါဘဲ"လို့ သုခဒဂုံပြည်သူ့အငှားအိမ်ရာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က သတိပေးပြောပြထားပါတယ်။

ဒါအပြင်သုခဒဂုံအိမ်ရာအတွင်းရှိတိုက်ခန်းနဲ့ ဆိုင်ခန်းတွေကိုဝယ်ယူခွင့်ရမယ်ဆိုပြီးလိမ်လည်သူ‌တွေနဲ့ တိုက်ခန်းငှားရမ်းခွင့်ရမယ်လို့ ပြောဆိုပြီးလိမ်ညာနေသူတွေရှိနေတဲ့အတွက်ဒါကိုလည်းပြည်သူတွေအနေနဲ့လိမ်ညာမခံရအောင်သတိပြုကြဖို့လိုတယ်လို့ DUHD-Ygn ကအသိပေးနှိုးဆော်ထားပါတယ်။

"ပြန်ရောင်းတာကတရားမဝင်ဘူး။ပြန်ငှားစားခွင့်လည်းမရှိဘူး။နိုင်ငံ တော်ပိုင်ပစ္စည်းကိုအလွဲသုံးစားလုပ်မှုပဲ‌လေ"လို့ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာနေထိုင်တဲ့ပြည်သူတယောက်က ပြောပါတယ်။

ပြည်သူ့အငှားအိမ်ရာတိုက်ခန်းတွေကို လက်လွှဲရောင်းချမှုပြုလုပ်ခဲ့သူအချို့ကိုလည်းသက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးဥပဒေအကြောင်းအရအရေးယူမှုတွေကိုပြုလုပ်ခဲ့တာကို ကြားသိရတယ်လို့လည်းအငှားအိမ်ရာမှာနေထိုင်တဲ့ပြည်သူတွေကပြောပါတယ်။

"ကြားရတာကပထမတယောက်ကရောင်းပြီး ဒုတိယလူကျမှမိသွားတယ်ပြောတယ်။တိုက်တတိုက်မှာတိုက်မှူးဆိုတာရှိတယ်။ သူကအမြဲစောင့်ကြည့်နေတာသူကတဆင့်တိုင်လိုက်ရင်အဲဒီအိမ်အပိတ်ခံရပြီပဲ။ ပွဲစားလုပ်ပေးတဲ့သူတွေရဲ့အိမ်ကိုလည်းပိတ်သိမ်းတယ်။ထောင်လည်းကျတယ်။ ကျွန်မတို့တိုက်မှာတင် ၂ ခန်းလောက်အပိတ်ခံလိုက်ရတယ်"လို့ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာနေထိုင်တဲ့ပြည်သူတယောက်က ဆက်ပြီးပြောပါတယ်။

DUHD-Ygn ကတော့သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာငှားရမ်းနေထိုင်ခွင့်ရရှိသူအချို့ကကိုယ်တိုင်နေထိုင်ခြင်းမပြုဘဲ တဆင့်ငှားရမ်းခြင်း၊လွှဲပြောင်းခြင်းတွေရှိပါကအိမ်ခန်းငှားရမ်းခွင့်ကိုရုတ်သိမ်းပြီးဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။

"ရောင်းလို့ဝယ်လို့ရတယ်ဆိုတာက ကောလဟလတွေပါ။ထပ်ပြီးသက်တမ်းတိုးပြီးဆက်နေတာမျိုးပဲရှိတာပါ"လို့ အဲဒီအငှားအိမ်ရာမှာ နေထိုင်တဲ့ပြည်သူတယောက်က ထပ်လောင်း ပြောပြပါတယ်။

မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန DUHD-Ygn ရဲ့ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရသုခဒဂုံ ပြည်သူ့အငှားအိမ်ရာအတွင်းမှာ စုစုပေါင်းတိုက်(၁၉၄)လုံးပါဝင်ပြီးပြီးစီးမှုအလိုက်အခန်းတွေကိုငှား ရမ်းခွင့်ပြုလျက်ရှိတယ်လို့ ဆိုပါတယ်။

ပထမအဆင့်အနေနဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာအတွင်းကတိုက် ၇၃ လုံး၊ဒုတိယအဆင့်အနေနဲ့တိုက်အလုံး ၅၀ တို့ကိုနေရာချထားပေးခဲ့ပြီးတတိယအဆင့်အနေနဲ့ တိုက် ၇၁ လုံးလျာထားကာပြီးစီးမှုအရအဆင့်ဆင့်နေရာချထားပေးသွားမယ်လို့ DUHD-Ygn က ထုတ်ပြန်ထားပါတယ်။

ဒါအပြင်မသမာသူအချို့ကအခန်းနေထိုင်ခွင့်ရမယ်လို့မက်လုံးပေးပြီးငွေတောင်းခံလိမ်လည်မှုတွေလည််းရှိနေတဲ့အတွက်ပြည်သူတွေအနေနဲ့အလိမ်ခံရခြင်းမရှိစေဖို့ဒါကိုသတိ ပြုကြဖို့ DUHD-Ygn က အသိပေးထားပါတယ်။

Photo - DUHD-Ygn

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage