5 ပတ် - ဘာသာပြန်ပါ။

ပွဲပြက္ခဒိန်မှာ မန်စီးတီးအတွက် မျှတခြင်း မရှိကြောင်း ဆေးလ်ဗား ပြောကြားလာ

စက်တင်ဘာ ၂၃

မန်စီးတီးအလယ်တန်းကစားသမားဘာနာဒိုဆေးလ်ဗားက ပရီးမီးယားလိဂ်ပွဲပြက္ခဒိန်မှာ မန်စီးတီးအတွက် မျှတခြင်း မရှိကြောင်း ပြောကြားလာပါတယ်။

မန်စီးတီးဟာ တနင်္ဂနွေနေ့တုန်းက အမ်းမရိတ်ကွင်းတွင် မာတင်နယ်လီရဲ့ အချိန်ပို ချေပဂိုးကြောင့် အာဆင်နယ်နှင့် တစ်ဂိုးစီသရေကျခဲ့ပါတယ်။

မန်စီးတီးဟာ ကြာသပတေးနေ့တွင် နာပိုလီအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲအပြီး ၆၆ နာရီတည်းသာ အာဆင်နယ်နှင့်ပွဲအတွက် ပြင်ဆင်ချိန် ရခဲ့ပါတယ်။

တဖက်တွင် အာဆင်နယ်ကတော့ အင်္ဂါနေ့တွင် ဘီလ်ဘာအိုနှင့် ကစားခဲ့ရကာ ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။

ဆေးလ်ဗားက "ဒီလို အခြေအနေမျိုးနဲ့ ဒီလိုပွဲမျိုး ကစားရတာ မမျှတဘူး။ မှန်ကန်တယ်လို့လည်း မထင်ဘူး။ မမျှတပုံစံမျိုးနဲ့ ရာသီရဲ့အရေးအပါဆုံးပွဲတစ်ပွဲကို မကစားရသင့်ဘူး။ ဒီပွဲကို ကစားဖို့ ပြီးပြည့်စုံတဲ့အနေအထားမျိုးမှာ မရှိပါဘူး။ ဒီပွဲမျိုးကစားရတာ ဘယ်လို ခံစားရတယ်ဆိုတာ ထိပ်တန်းအဆင့်မှာ မကစားဖူးတဲ့သူတွေ မသိဘူး။ ဒီပွဲမျိုးကစားဖို့ အကောင်းဆုံးအနေအထားမှာ ရှိဖို့ လိုပါတယ်"လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် ဂွါဒီယိုလာကလည်း မန်စီးတီးမှာ အာဆင်နယ်နှင့်ပွဲတွင် အလွန်ပွဲပန်းနေခဲ့ကြောင်း ပြောကြားလာပါတယ်။

ဆက်လက်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ၆၂ ပွဲကစားခဲ့ရတဲ့ ဆေးလ်ဗားက "ကျွန်တော်တို့ ပွဲတစ်ပွဲ ရှုံးလာအောင် သူတို့ လုပ်ဖို့ ကြိုးစားနေတယ်လို့တော့ မတွေးပါဘူး။ လအနည်းငယ်အကြာမှာ အာဆင်နယ် (သို့မဟုတ်) လီဗာပူးလည်း ဒီလို ကြုံလာနိုင်တယ်။ ဒါပေမဲ့ အာဆင်နယ် Vs စီးတီး (သို့မဟုတ်) စီးတီး Vs လီဗာပူး (သို့မဟုတ်)လီဗာပူး Vs အာဆင်နယ် ကစားတော့မယ်ဆိုရင် အသိတရား ရှိရမယ်။ အခြေအနေအရပ်ရပ်ကို နားလည်ရမယ်"လို့ ပြောကြားသွားပါတယ်။

တဖက်တွင် မန်စီးတီးကဲ့သို့ပင် ကြာသပတေးနေ့တုန်းက ဘာစီလိုနာနှင့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲ ကစားခဲ့ရတဲ့ နယူးကာဆယ်မှာ တနင်္ဂနွေနေ့ အစောပိုင်းတွင် ဘုန်းမောက်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားခဲ့ရပါတယ်။

လီဗာပူးမှာလည်း ဗုဒ္ဓဟူးနေ့တွင် အက်သလက်တီကိုနှင့် ချန်ပီယံလိဂ်ကစားပြီးနောက် ၆၂.၅ နာရီအကြာ စနေနေ့တွင် အဲဗာတန်နှင့် မာဆေးဆိုက်ဒါဘီပွဲ ကစားခဲ့ရပါတယ်။

ချဲလ်ဆီးမှာလည်း ဗုဒ္ဓဟူးနေ့တွင် ဂျာမနီသို့ သွားရောက်ကာ ဘိုင်ယန်မြူးနစ်နှင့် ရင်ဆိုင်ရပြီးနောက် စနေနေ့တွင် အိုးထရက်ဖို့ဒ်သို့ သွားရောက်ကာ ယူနိုက်တက်နှင့် ရင်ဆိုင်ခဲ့ရပါတယ်။

#ဘောလုံးသတင်းစုံ

image