အလွန့်အလွန်အားကောင်းသော တိုင်ဖွန်းမုန်တိုင်း "ရာဂါဆာ" အခြေအနေ သတင်းထုတ်ပြန်ချက် - (၉-ကဃ/၂၀၂၅)
===================================
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်
===========================
၁။ တိုင်းထွာရရှိသည့်အခြေအနေ
========================
ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ အရှေ့ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသော တိုင်ဖွန်းမုန်တိုင်း "ရာဂါဆာ" ("RAGASA" Very Strong Typhoon) သည် အနောက်ဘက်သို့ ရေမိုင် (၂၆၈) မိုင်ခန့် ရွေ့လျားခဲ့ရာ လုဇုန်ရေလက်ကြားတွင် အလွန့်အလွန် အားကောင်းသော တိုင်ဖွန်းမုန်တိုင်း "ရာဂါဆာ" ("RAGASA" Extremely Severe Typhoon) အဖြစ်သို့ ပိုမိုအားကောင်းခဲ့ပါသည်။
၂။ မုန်တိုင်းအချက်အလက်
====================
အဆိုပါ အလွန့်အလွန် အားကောင်းသော တိုင်ဖွန်းမုန်တိုင်း "ရာဂါဆာ''သည် မြောက်လတ္တီတွဒ် (၁၉.၄) ဒီဂရီနှင့် အရှေ့လောင်ဂီတွဒ် (၁၂၁.၇) ဒီဂရီတွင် တည်ရှိပြီး ဖိလစ်ပိုင်နိုင်ငံ၊ အပါရီ (Aparri) မြို့၏ မြောက်ဘက် ရေမိုင် (၈၅) မိုင်ခန့်အကွာ၊ ထိုင်ဝမ်နိုင်ငံ၊ ထိုင်တုန် (Taitung) မြို့၏တောင်ဘက် ရေမိုင် (၂၇၀) မိုင်ခန့်အကွာ၊ တရုတ်နိုင်ငံ၊ ဟောင်ကောင် (Hongkong) မြို့၏ အရှေ့-အရှေ့ တောင်ဘက် ရေမိုင် (၆၀၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ဗဟိုချက်လေဖိအားမှာ (၉၀၅) ဟက်တိုပါစကယ်၊ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၁၂၅) မိုင်နှုန်းဖြစ်ပြီး ရုတ်တရက် လေပြင်းတိုက်ချိန်တွင် မိုင် (၁၈၀) အထိရှိကာ အမြင့်ဆုံးလှိုင်းအမြင့်မှာ (၃၂) ပေနှင့်အထက် ရှိပါသည်။
၃။ ခန့်မှန်းချက်
===========
အဆိုပါ အလွန့်အလွန် အားကောင်းသော တိုင်ဖွန်းမုန်တိုင်း "ရာဂါဆာ" သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ပိုမိုအားကောင်းလာနိုင်ကာ လာမည့် (၄၈) နာရီအတွင်း တောင်တရုတ်ပင်လယ်ပြင်၊ ယင်းနှင့်ဆက်စပ်နေသော တရုတ်နိုင်ငံ၊ တောင်ပိုင်းကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
၄။ မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှု
==================================
အဆိုပါ အလွန့်အလွန် အားကောင်းသော တိုင်ဖွန်းမုန်တိုင်း "ရာဂါဆာ" ၏ အကြွင်းအကျန်များကြောင့် (၂၅-၀၉-၂၀၂၅) ရက်နေ့မှ (၃၀-၀၉-၂၀၂၅) ရက်နေ့အတွင်း တစ်ပြည်လုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးသည်းထန်ခြင်း၊ ဒေသအလိုက် မိုးကြီးခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသက်လေပြင်း တိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။
သဘာဝဘေးအန္တရာယ်တို့မှ ကင်းလွတ်ငြိမ်းအေးကြပါစေ...

Credit..

image