❝ရွေးကောက်ပွဲပျက်အောင် ရန်ရည်ရွယ် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သည့် အသက် ၁၄/၁၆/၁၇ နှစ်အရွယ် တရားခံများအပါအဝင် ၉ ဦးကို အရေးယူ❞
စက်တင်ဘာ ၂၃
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမှုကိုပျက်ပြားစေရန် ရည်ရွယ်၍ နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့် အသက် ၁၄/၁၆/ ၁၇ နှစ်အရွယ် တရားခံများအပါအဝင် လူ ၉ ဦးတို့ကို အရေးယူလိုက်ကြောင်း နိုင်ငံပိုင်သတင်းများက ယနေ့ စက်တင်ဘာ ၂၂ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။
၎င်းတရားခံများမှာ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်နေ ပိုင်ပိုင်စိုး(ခ) မျိုးမင်းခန့်(ခ) ပိုင်စိုး (၁၈)နှစ်၊ ဟန်ထွန်းအောင်(ခ) ရဲမင်းကိုကို (ခ)ဟန်ကြီး (၁၈)နှစ်၊ အောင်နိုင်လင်း (၁၇)နှစ်၊ ဖြိုးပိုင်ဇေအောင် (၁၆)နှစ်နှင့် ထွန်းနေဦးလှိုင် (၁၄)နှစ်တို့ဖြစ်ကြပြီး ၎င်းတို့ (၅) ဦးကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် လွိုင်ကော်မြို့မရဲစခန်း(ပ)၂၁၈/၂၀၂၅ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အလားတူ ရွှေပြည်သာမြို့နယ်၌ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဆန္ဒပြ၊ လှုံ့ဆော်ခြင်းပြုလုပ်ခဲ့သူ ရွှေပြည်သာမြို့နယ် အမှတ် (၅) ရပ်ကွက်နေသူများဖြစ်ကြသည့် ရဲသူရအောင် (၃၆)နှစ်၊ ကျော်ဝဏ္ဏ (၂၅)နှစ်၊ ချစ်ဝင်း (၄၅)နှစ်နှင့် ပြေထွန်း (၃၄)တို့ကိုလည်း စက်တင်ဘာလ ၁၆ ရက်နေ့က ရွှေပြည်သာမြို့မရဲစခန်း (ပ) ၃၄၇/၂၀၂၅ ဖြင့် အမှုဖွင့်ခဲ့ခြင်းလည်းဖြစ်သည်။
လက်ရှိတွင် ၎င်းတရားခံ (၉) ဦးတို့ကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က)ဖြင့် အသီးသီးအမှုဖွင့် ဖမ်းဆီး အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး