ဗိုလ်တထောင်တွင် (၄)နှစ်အရွယ်ကလေးငယ်အား သက်ငယ်မုဒိန်းမှုကျူးလွန်သူအမျိုးသားကို ဖမ်းမိဟုဆို

စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် (၄)နှစ်အရွယ်ကလေးငယ်အား သက်ငယ်မုဒိန်းမှုကျူးလွန်သူအမျိုးသားကို ဖမ်းဆီးရမိခဲ့သည်ဟုသိရကြောင်း ယင်းနှင့်ပတ်သက်၍ သိရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ရက်၊ မွန်းလွဲ ၂ နာရီခန့်က ဗိုလ်တထောင်မြို့နယ်၊ ၄၈လမ်း၊ အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြားရှိ ကားပါကင်အနောက်တွင် အသက်(၄)နှစ်အရွယ် ကလေးငယ်တစ်ဦးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်တွင် အဓမ္မကျူလွန်ခံထားရသည်ဟု ယူဆရသောလက္ခဏာများတွေ့ရှိခဲ့ပြီး ဝတ်ဆင်ထားသော ဂါဝန်အင်္ကျီနှင့် ခြေထောက်တွင်လည်း သွေးများတွေ့ရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကာ ထိုမှတစ်ဆင့် ဟယ်လ်ပင်ကလေးဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ထို့နောက် ပြစ်မှုကျူးလွန်သူအား စုံစမ်းရှာဖွေမှုများလုပ်ဆောင်ခဲ့ရာ ယမန်နေ့(စက်တင်ဘာ ၂၁ရက်)၊ ည ၇နာရီအချိန်ခန့်တွင် သင်္ကန်း ကျွန်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ကျူးလွန်သူကို သင်္ဃန်းကျွန်းမှာမိတာ။ အသက်ကဘယ်လောက်လဲတော့မသိရသေးဘူး။ သင်္ဃန်းကျွန်းကမဟုတ်ဘူးလို့တော့သိရတယ်။ ကလေးလေးကတော့ အခုထိဆေးရုံမှာပဲ။ သူ့အမေလည်းရှိနေပါတယ်”ဟု သိရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျူးလွန်သူအမျိုးသားကို ဗိုလ်တစ်ထောင်ရဲစခန်းသို့ဖမ်းဆီးပို့ဆောင်ထားပြီး ဥပဒေနှင့်အညီအပြစ်ပေး အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image