သီတင်းကျွတ်ကာလ ချောင်းသာ၊ ငွေဆောင်၊ ပုဂံ ၊ ကလော ၊တောင်ကြီးမှာ ဟိုတယ်ဘွတ်ကင်ယူသူများပေမယ့် အခန်းတွေလည်းကျန်ရှိနေသေး
စက်တင်ဘာ ၂၂
သီတင်းကျွတ်ရုံးပိတ်ရက်အတွက် ချောင်းသာ၊ငွေဆောင် ကမ်းခြေနဲ့ ပုဂံ ၊ ကလော ၊တောင်ကြီး ဘက်ကို သွားရောက်လည်ပတ်ဖို့ ဟိုတယ်အခန်း ကြိုတင်ဘွတ်ကင် တင်မှုတွေရှိနေတယ်လို့ ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းကသိရပါတယ်။
ခရီးသွားကြမယ့်သူတွေအနေနဲ့ ချောင်းသာ ၊ငွေဆောင်ကမ်းခြေနဲ့ ပုဂံရှေးဟောင်းယဥ်ကျေးမှုဇုန်ဒေသကို ရွေးချယ်မှုပိုများပြီး ဟိုတယ် ဘွတ်ကင်လုပ်သူ ပိုများပေမယ့် ဟိုတယ်နဲ့တည်းခိုခန်းရှိ အခန်းအားလုံးမရတဲ့အထိ ဘွတ်ကင်တွေ ပြည့်တဲ့အခြေအနေမဟုတ်သေးဘူးလို့ သိရပါတယ်။
ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေဟိုတယ်ဇုန်မှ ခရီးသွားလုပ်ငန်းရှင်တယောက်က " ဘွတ်ကင်တွေ တင်ကြတာတော့ဟုတ်တယ်။ အရင်ထက်တော့ပိုလာတယ်ပြောရမှာပေါ့။ ဒါပေမယ့် ဟိုတယ်အကုန်လုံးပြည့်တဲ့အထိတော့မဟုတ်ပါဘူး။ အခန်းတွေရှိပါသေးတယ်။ " လို့ ပြောပါတယ် ။
ပုဂံဒေသကို လက်ရှိ ခရီးသွားဧည့်သည်ဝင်ရောက်မှုအခြေအနေနဲ့ သီတင်းကျွတ်ရုံးပိတ်ရက်အတွက် ဟိုတယ်အခန်း ကြိုတင်ငှားရမ်းမှုတွေနဲ့ပတ်သက်ပြီး ပုဂံဒေသမှ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းရှင်တယောက်ကခုလိုပြောပါတယ်။
" ပုဂံက ခရီးသွားအရင်ကလောက်မဝင်ဘူး။ အခုမိုးတွင်းကပိုဆိုးတာပေါ့ ။မိုးရာသီကြိုက်သူလောက်ပဲလာကြတာ။ ဧည့်သည်အလာများတာ ဆောင်းတွင်းပါ။ အခါကြီးရက်ကြီးနေ့တွေဆိုရင်လည်း ခရီးသွားများလေ့ရှိတယ်။ လာမယ့်သီတင်းကျွတ်ပိတ်ရက်ကို ခရီးသွား များဖို့မျှော်လင့် ရတာပဲ။ ကိုယ့်အနီးနား ဧည့်သည်ကတော့မျှော်ဖို့ခက်တယ်။ နယ်မြေတွေကမအေးချမ်းဘူး။ ညောင်ဦးထဲက ရွာဘက်တွေတောင်မငြိမ်တော့ ခက်နေတာ။ ပုဂံကတော့ အေးချမ်းပါတယ်။ ပိတ်ရက်အတွက် ဟိုတယ်နဲ့တည်းခိုခန်းတွေကို အခန်းကြိုငှားသူတွေရှိပါတယ်။ ပုဂံမှာက ဟိုတယ်၊မိုတယ်၊ တည်းခိုခန်းတွေအများကြီးပါဘဲ။ အခန်းတွေလည်းရှိကြပါတယ်။"လို့ ဆိုပါတယ်။
လက်ရှိ ပုဂံဒေသနဲ့ ကပ်ရက်ရှိတဲ့ မြင်းခြံ ၊ပခုက္ကူ ၊ နွားထိုးကြီး ၊တောင်သာ ၊ ချောက် ဘက်တွေမှာ နယ်မြေမတည်ငြိမ်သလို ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာပင် တိုက်ပွဲ ဖြစ်ပွားမှုတွေရှိနေတာကြောင့် ပုဂံကို အလည်အပတ်သွားကြမယ့်သူတွေဟာ နယ်မြေအခြေအနေကို ကြိုတင်စုံစမ်းမှုတွေပြုလုပ်လာကြတယ်လို့သိရပါတယ်။
" အွန်လိုင်းဂရုတွေကနေ စုံစမ်းတာရှိသလို ဖုန်းတွေဆက်မေးကြတယ်။ ပုဂံကအခြေအနေကောင်းရဲ့လားပေါ့။ လမ်းခရီးရောအစစ်ဆေးရှိလားပေါ့လေ။ ပုဂံမြို့ပေါ်ကတော့ငြိမ်ပါတယ်။ဘုရားတွေရှိတဲ့နေရာလည်းအေးပါတယ်။ ရွာဘက်ဘာညာသွားချင်ရင်တော့ကိုယ်သွားမယ့်ရွာအခြေအနေစုံစမ်းဖို့တော့လိုပါတယ်။" လို့ပုဂံမြို့သစ်ဒေသခံကပြောပါတယ်။
ချောင်းသာ ၊ငွေဆောင် နဲ့ ပုဂံဒေသအပြင် ကလော ၊တောင်ကြီးကိုလည်း သွားဖို့စီစဥ်နေသူတွေရှိပြီး ကလောနဲ့ တောင်ကြီးဒေသကို နှစ်စဥ် သီတင်းကျွတ်ကာလထက် တန်ဆောင်တိုင်ပွဲတော်ကာလမှာ ပိုပြီးသွားလာမှုပိုများလေ့ရှိတယ်လို့သိရပါတယ်။
" သွားသူတော့ရှိတယ်။ နည်းတယ်။ တောင်ကြီးတန်ဆောင်တိုင်အတွက် ခုထဲက ဟိုတယ်ဘွတ်ကင်ယူတာမျိုးရှိတယ်။ဒါပေမယ့် ဟိုတယ်တွေကလက်မခံသေးဘူး။ အခုက သီတင်းကျွတ်အတွက်ပဲ ဟိုတယ်လက်ခံတယ်။ခရီးသွားပက်ခ်ကေ့တွေနဲ့သွားသူနည်းလာတယ်။ သူငယ်ချင်းအဖွဲ့လိုက်တို့၊ မိသားစုလိုက်တို့သွားကြတာများလာတယ်။" လို့ ခရီးသွားလုပ်ငန်းရှင်တယောက်ကပြောပါတယ်။
သီတင်းကျွတ်ရုံးပိတ်ရက်ကတော့ လာမယ့် အောက်တိုဘာ ၅ ရက်မှ ၇ ရက်နေ့အထိ သုံးရက်ဖြစ်တာကြောင့် ခရီးသွားမယ့်သူတွေအနေနဲ့ ရက်တိုခရီးစဥ်တွေသာ သွားရောက်သူများတယ်လို့သိရပါတယ်။
သီတင်းကျွတ်အခါသမယမှာ ဆီမီးပူဇော်ကြခြင်း ၊ မြို့နယ်အလိုက် ပွဲတော်တွေကျင်းပခြင်း ၊ ပျော်ပွဲရွင်ပွဲကျင်းပခြင်း ၊ ဥပုသ်သီလစောင့်တည်ခြင်းနဲ့ အပန်းဖြေခရီး သွားလေ့ရှိကြပါတယ်။
#သတင်းဟင်းလေးအိုးကြီး