◼ စူပါတိုင်ဖွန်းမုန်တိုင်းရင်ဆိုင်ရန်ဖိလစ်ပိုင်နှင့်ထိုင်ဝမ်တွင် ကြိုတင်ရွှေ့ပြောင်းမှုများလုပ်ဆောင်
စူပါတိုင်ဖွန်းမုန်တိုင်း ‘ရာဂါဆာ’ ချဉ်းကပ်လာနေစဉ် ရေကြီးမှုများ မြေပြိုမှုများဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းမှုများ လုပ်ဆောင်ကြရန် ဖိလစ်ပိုင်နှင့် ထိုင်ဝမ်အစိုးရ တာဝန်ရှိသူများက ယနေ့ တွင် အမိန့်ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံ‌တောင်ပိုင်းကိုလည်း ရိုက်ခတ်နိုင်သော စူပါမုန်တိုင်းသည် အလျင်အမြန်ပင် ပိုမိုအင်အားကောင်းလာခဲ့ပြီး အင်္ဂါနေ့ နေ့လယ်ခန့်တွင် လူနေကျဲပါးသော ဘာတာနက်စ် ဆီ ဘာဘူယန်ကျွန်းဒေသများမှ ကုန်းတွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနက ပြောကြားသည်။
အနောက်စူးစူး ဖိလစ်ပိုင်နိုင်ငံဖက်သို့ ရွေ့လျားလာနေသော မုန်တိုင်းသည် ဗဟိုချက်တွင် လေတိုက်နှုန်းတစ်နာရီ ၁၈၅ ကီလိုမီတာရှိပြီး တစ်ခါတစ်ရံ ကီလိုမီတာ ၂၃၀ အထိ ရောက်ရှိနိုင်ကြောင်း ဖိလစ်ပိုင် မိုးလေဝသဌာနက ပြောသည်။
အန္တရာယ်ရှိသောဇုန်များမှ မိသားစုများကို ဖယ်ရှားရေးအတွက် ဒေသခံအရာရှိများက အချိန်မဖြုန်းသင့်ကြောင်း ပြည်ထဲရေးဝန်ကြီး ဂျွန်ဗစ်ရီမူလာ က ထုတ်ပြန်ချက်တွင် ပြောကြားသည်။
ထိုင်ဝမ်တွင်လည်း နိုင်ငံအရှေ့ပိုင်း ဟူလီယန်ဒေသမှ လူပေါင်း ၃၀၀ ခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းသွားမည်ဖြစ်ကြောင်း နှင့် မုန်တိုင်း၏ရွေ့လျားမှုပေါ်ကြည့်ပြီး ရွေးပြောင်းမည့်အရေအတွက် ပြောင်းလဲသွားနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
“ ဒီနေ့ညမှာ တိုင်ဖွန်းကုန်းတွင်းဝင်မယ့် သတိပေးချက်ကို ထုတ်ပြန်မယ်လို့ ခန့်မှန်းပါတယ်။ မနက်ဖြန် မနက် ၆ နာရီလောက်မှာတော့ မုန်တိုင်းက ထိုင်ဝမ်ကမ်းလွန်ကို ချဉ်ကပ်လာပါလိမ့်မယ်” ထိုင်ဝမ်ဗဟိုမိုးလေဝသဌာနက ပြောကြားသည်။
ကျွန်းစုနိုင်ငံဖိလစ်ပိုင်၏ လူနေအထူထပ်ဆုံး လူဇွန်ကျွန်းမြောက်ပိုင်းတွင် ကြီးမားပြင်းထန်သောရေကြီးမှုများ ၊ မြေပြိုမှုများဖြစ်ပေါ်နိုင်ကြောင်း ဖိလစ်ပိုင်ရာသီဥတုကျွမ်းကျင်သူ ဂျွန်ဂရင်ဒါအယ်မာရီယို က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
စူပါတိုင်ဖွန်း၏ ရိုက်ခတ်မှုများကို ယနေ့ညမှ စတင်ခံစားရပြီး မနက်ဖြန်မနက် ၈ နာရီခန့်တွင် အဆိုးဆုံးဖြစ်မည်ဟု မျှော်လင့်ကြောင်း အယ်မာရီယို က ဆက်ပြောသည်။
ရာဂါဆာမုန်တိုင်းကြောင့် အင်္ဂါနေ့နှင့် ဗုဒ္ဒဟူးနေ့တွင် ဟောင်ကောင်၏ ရာသီဥတု တဖြည်းဖြည်း ဆိုးရွားလာနိုင်ကြောင်း နှင့် ၂၀၁၈ ခုနှစ် က ဝင်ရောက်ခဲ့သည့် အင်အားပြင်း ‘မန်ခတ်’ မုန်တိုင်းကဲ့သို့ လေပြင်းတိုက်ခတ်မှုများ ၊ မုန်တိုင်းဒီရေလှိုင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ဟောင် ကောင်မိုး လေဝသဌာနက ယနေ့ ထုတ်ပြန်သတိပေးထားသည်။
သတင်း-ရဲမင်း
ကိုးကား-AFP
#နိုင်ငံတကာသတင်း

image