10 ပတ် - ဘာသာပြန်ပါ။

◾️ထီးဖြူဆောင်းတရားဟောသည့် ပိဋကတ်သုံးပုံ မယ်တော်ကြီးဆိုသူ အမျိုးသမီးဖမ်းဆီးခံရ
မွန်ပြည်နယ်၊ မုဒုံမြို့မှ ထီးဖြူဆောင်းတရားဟောသည့် ပိဋကတ်သုံးပုံ မယ်တော်ကြီးဆိုသူအမျိုးသမီးတစ်ဦးကို ယမန်နေ့(စက်တင်ဘာ ၂၀ ရက်)က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
အဆိုပါအမျိုးသမီးမှာ မွန်ပြည်နယ်၊ မုဒုံမြို့ ၊ နှီးပဒေါကျေးရွာ၌ သာသနာ့အဆောက်အဦဆောက်ပြီး ယင်း အဆောက်အဦအတွင်း ထီးဖြူမိုးထားသည့်ပလ္လင်ပေါ်တက်၍ တရားဟောနေသည်ကို လူမှုကွန်ရက် စာမျက်နှာတွင် ပြန့်နှံ့ခဲ့ပြီးနောက် မုဒုံမြို့နယ်၊ သံဃနာယကအဖွဲ့ရုံးသို့ လာရောက် ဖြေရှင်းရန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် စာ‌ပေးပို့အကြောင်းကြားခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသကဲ့သို့ လူကိုယ်တိုင်လာရောက်ဖြေရှင်းခြင်းမရှိသဖြင့်သံဃနာယက ဆရာတော်များအပါအဝင် သက်ဆိုင်ရာလုံခြုံ‌ရေးတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ဓမ္မစက်၊ အာဏာစက် နှစ်ရပ်ပေါင်းစပ်ကာ ဗုဒ္ဓဘာသာဝင်အများကို စိတ်သောကဖြစ်စေခဲ့သော ပိဋကတ်သုံးပုံ မယ်တော်ကြီးအား လုပ်ထုံးလုပ်နည်းနှင့်အညီ စက်တင်ဘာ ၂၀ ရက်၊ ညနေ ၄ နာရီ အချိန်တွင်ထိန်းသိမ်းလိုက်ပြီဖြစ်ပါသည်” ဟု လမင်းဆရာတော်ကမိန့်ကြားထားသည်။
ဖမ်းဆီးခံရသူအမျိုးသမီးမှာ မွန်ပြည်နယ်အတွင်းရှိ ရေးမြို့နှင့် ချောင်းဆုံမြို့တို့တွင် တရားဟောခြင်း များပြုလုပ်ခဲ့ပြီး ဒေသခံများကမောင်းထုတ်၍ နေရာပြောင်းနေထိုင်ကြောင်း၊ ၎င်းအားရာဇသတ်ကြီး ပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့်အရေးယူရန် မုဒုံမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းသိရသည်။
ရာဇသတ်ကြီး ပုဒ်မ -၂၉၅ ဆိုသည်မှာ လူတစားကိုးကွယ်သည့် ဘာသာသာသနာကို စော်ကားရန် အကြံဖြင့်ဖြစ်စေ၊ ကိုးကွယ်ဝတ်ပြုသော နေရာကိုသော်လည်းကောင်း၊ အထွဋ်အမြတ်ထားသော အရာဝတ္ထုကိုသော်လည်းကောင်း၊ ဖျက်ဆီးခြင်းသည်၊ သို့တည်းမဟုတ် ပျက်စီးနစ်နာစေခြင်းသည်၊ သို့တည်းမဟုတ် ယုတ်ညံ့စေခြင်းသည်၊ ထိုဘာသာသာသနာကိုစော်ကားသည်ဟု လူတစားကယူဆ တန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ မည်သူမဆို၊ ထိုလူတစားက ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ် ဝတ်ပြုသော နေရာကိုသော်လည်းကောင်း၊ အထွဋ်အမြတ်ထားသောအရာဝတ္ထုကိုသော်လည်းကောင်း၊ ဖျက်ဆီးလျှင်၊ သို့တည်းမဟုတ် ပျက်စီးနစ်နာစေလျှင်၊ သို့တည်းမဟုတ် ယုတ်ညံ့စေလျှင် ထောင်ဒဏ် ၂ နှစ်သာမက ငွေဒဏ်ပါချမှတ်ခံရနိုင်သည့်ပုဒ်မဖြစ်သည်။
ပြီးခဲ့သည့်စက်တင်ဘာ ၁၄ ရက်တွင်လည်း ဗုဒ္ဓဘာသာအားအကြည်ညိုပျက်စေသည်ဟုဆိုကာ DJ Violet အပါအဝင်လေးဦးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း

image