11 ပတ် - ဘာသာပြန်ပါ။

◼ DJ violet တောင်းပန်လျှောက်ထားမှု လက်ခံခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကဆရာတော်များခံဝန် ထိုးရန် မဟန ညွှန်ကြား
DJ Voilet ၏တောင်းပန်လျှောက်ထားမှုအား လက်ခံခွင့်လွှတ်ကြောင်းလက်မှတ်ရေးထိုးခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကဆရာတော်များခံဝန်ထိုးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။
DJ Voilet ၏တောင်းပန်လျှောက်ထားမှုနှင့်ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကဥက္ကဌ အပါအဝင် အဖွဲ့ဝင်ဆရာတော်ငါးပါးက ရဟန်းရှင်လူပြည်သူများကိုယ်စားခွင့်လွှတ်ကြောင်းရေးသားကာ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ပထမအစည်းအဝေးတွင်ဆွေး‌နွေးခဲ့ပြီး ဆုံးဖြတ်ချက်များကို သံဃနာယကအဖွဲ့ခွဲ အဆင့်ဆင့်ထံ ညွှန်ကြားချက်များပေးပို့လာကြောင်း မန္တလေးတိုင်းသံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော်ထံမှသိရသည်။
“မဟနကစာပို့လာတော့ တိုင်းတွေပြည်နယ်တွေမြို့နယ်တွေအကုန်လုံးကို ဖြန့်တာပေါ့။ သူတို့ကနေပြီး ဝန်ခံကတိလာပြီးတော့လက်မှတ်ထိုးရင် လက်မခံကြဖို့လေ။ သူတို့အရပ်ဘက်ဆိုင်ရာဥပဒေတွေနဲ့ အရေးယူမှာဆိုတဲ့သဘောပါ” ဟု မန္တလေးတိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဝါသဝသီရိက စံတော်ချိန်ဒစ်ဂျစ်တယ်သို့မိန့်ကြားသည်။
ယင်းသို့လက်ခံဆောင်ရွက်ပေးခြင်းသည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ သံဃာ့နာယကလက်စွဲတို့နှင့်လည်း ညီညွတ်မှုမရှိကြောင်း မဟနကဆိုသည်။
“သာသနာညှိုးနွမ်းစေမှုတွေကို ဘယ်လိုအရေးယူမယ် ညာလိုအရေးယူမယ်လို့တော့ အဲဒီစာထဲမှာမပါဘူး။ အရပ်ဘက်ဆိုင်ရာဥပဒေအရသာလုပ်ရမယ်။ သံဃနာယကဆရာတော်တွေကမလုပ်ရဘူးလို့ပါတယ်” ဟု မန္တလေးတိုင်းသံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ ဝါသဝသီရိက မိန့်ကြား သည်။
ဗုဒ္ဓဘာသာအပေါ်ပိုမိုရိုင်းပြသော အလားတူအပြုအမူများတိုးပွားဆောင်ရွက်လာနိုင်သဖြင့် ထိရောက်စွာဟန့်တားရန် အရေးတကြီးလိုအပ်ပြီး DJ Voilet ၏ ဝန်ချတောင်းပန်မှုကို မြို့နယ်အဆင့် သံဃနာယကအဖွဲ့က နိုင်ငံတဝန်းရဟန်းရှင်လူပြည်သူတို့၏ ကိုယ်စားခွင့်လွှတ်ကြောင်းလက်မှတ်ရေးထိုးမှုသည်လျော်ကန်သင့်မြတ်မှုမရှိဟု မဟနအဖွဲ့ကတိုင်းနှင့်ပြည်နယ် သံဃနာယကအဖွဲ့များထံပေးပို့သည့် ညွှန်ကြားစာတွင်ဖော်ပြထားသည်။
မဟနကပေးပို့သည့် ညွှန်ကြားစာတွင် သာသနာတော်ညှိုးနွမ်းအောင်ပြုလုပ်ခဲ့သူများက ပြစ်ဒဏ်လွတ်မြောက်ရေးအတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို အကာအကွယ်ယူအသုံးချလာနိုင်သည့် ဖြစ်စဉ်များပေါ်ပေါက်လာနိုင်သောကြောင့် လက်ခံခွင့်လွှတ်ပေးခြင်းမျိုးမရှိစေရေး ညွှန်ကြားချက်များ ဆက်လက်ထုတ်ပြန်ရန်ဖော်ပြထားသည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ကလပ်တစ်ခု၌ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”သီချင်းကို DJ တီးခတ်၍ ကခုန်သည့်ရုပ်သံဖိုင် လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့ပြီးနောက် တီးခတ်ခဲ့သူ DJ Voilet နှင့်ကလပ်ပိုင်ရှင်အပါအဝင်လေးဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)အရ အမှုဖွင့်အရေးယူထားကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများက စက်တင်ဘာ ၁၃ ရက်ကထုတ်ပြန်ထားသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း

image