ကွတ်ခိုင် နမ့်ဖတ်ကာမှာ တရက်တည်း နှစ်နေရာ မီးလောင်
စက်တင်ဘာ ၁၉၊ ၂၀၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ပြည်ထောင်စု လမ်းမပေါ်ရှိ နမ့်ဖတ်ကာရွာမှာ စက်တင်ဘာလ ၁၈ ရက်နေ့ တရက်တည်း နှစ်နေရာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ပထမလောင်တာက ပန့်ဆီဆိုင်ဟုတ်တယ်။ ရပ်ကွက် ၃ က ဝက်ကုမ္ပဏီမှာ။ လမ်းဆုံ တည့်တည့် လမ်းအောက်က အိမ်။ နောက် တနေရာက ရပ်ကွက် ၁ မူရင်း အသင်းတော် ဘုရားကျောင်းရဲ့ အရှေ့ဘက်က အိမ်တအိမ်မှာ လောင်တာ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ပထမလောင်တဲ့ နေရာမှာတော့ မီးသတ်ကားတွေ လာပေမယ့် နောက်ကျလို့ မီးမနိုင်လိုက်ပေမယ့် မီးလောင်သွားတဲ့ နေရာ နှစ်နေရာ စလုံးမှာ လူတွေတော့ ထိခိုက်မှု ရှိတာ မကြားဘူးလို့ သူက ပြောပါတယ်။
“စစချင်း မီးခိုး စထွက်လာတာတဲ့ ကျမတို့ ပြေးသွာတာ ဆီပန့် တခုပဲလောင်သေးတယ်။ ဘေးပတ်ဝန်းကျင်အိမ်တွေကနေ ရေပုံးနဲ့ ရေတွေလောင်း၊ မီးသတ်ဗူးနဲ့ လည်းဖျန်းတယ်။ ရေတွေလောင်းနေလည်း မီးက မနိုင်ဘူး။ နောက် ပန့် တခုဆီကူးသွားတော့ ဝုန်းကနဲ့ ပေါက်သွားတာ။ အဲဒီမှာ နေအိမ်ဘက်ကို မီးကူးသွားတာ။ ဘယ်လိုမှ မနိုင်တော့ဘူး။ မီးသတ်ကားလည်း မြန်မြန်ရောက်မလာခဲ့ဘူး။ ၅ မိနစ်လောက်အတွင်းမှာပြ မီးက အတော်လောင်သွားတာ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
အိမ်ရှင် အမျိုးသားက ဒီမနက်ရောင်းဖို့ ပန့်ထဲ ဆီဖြည့်နေရာက ဝက်တွေ တအားအော်လို့ ဆိုပြီး ဆီဖြည့်ထားပြီး ဝက်တွေကို ဝက်စာသွားကျွေးနေချိန် ဆီတွေလျှံထွက်လာတာဖြစ်တယ်။ ဆီတွေက အိမ်ဘေးတွေကနေ မီးဖိုချောင်ဘက်မြောင်းထဲထိ စီးဝင်သွားတာဖြစ်ပြီး လျှံပြီးစီးလာတဲ့ ဆီတွေက မြောင်းထဲက နဲ့ဆုံပြီး ဘယ်လို လောင်တာတာလဲမသိပဲ လျှံစီးလာတဲ့ တလျှောက်မီးလိုက်လောင်သွားတာမှာ ဆီပန့်အထိ မီးကူးသွားတာလို့ သိရကြောင်း သူက ပြောပါတယ်။
ဆိုင်ထဲမှာ ရှိနေတဲ့ အိမ်ရှင်အမျိုးသမီးကတော့ မီးလောင်လာလို့ လန့်ပြီး သဲတွေသယ်ပြီး မီးလျှံတွေကို လိုက်ဖုံးပေမယ့် မီးမနိုင်ခဲ့ဘူးလို့ သိရတယ်လို့ သူက ပြောပါတယ်။
ကလေးငယ်နဲ့ အဖွား က အိမ်ထဲကနေ မီးလောင်လာချိန် ပြေးထွက်လာနိုင်ခဲ့ပြီး ကား ပြန်မောင်းယူဖို့ လုပ်နေတဲ့ အိမ်ရှင်အမျိုးသားက ခြေထောက်မှာ မီးဟပ်သွားကာ ကားလည်း မမောင်းယူနိုင်ခဲ့သလို လှောင်ထားတဲ့ ခွေးပါမကျန်လောင်သွားပြီး ဘာမှ မရလိုက်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ည သန်းခေါင်ခန့်မှာ ရပ်ကွက် ၁ ဘက်မှာ နေအိမ် တလုံး ထပ်လောင်ခဲ့တယ်လို့ အမျိုးသမီး တယောက်က ပြောပါတယ်။
“အဖိုးနဲ့ အဖွားပဲ ရှိတာ အပေါ်ထပ် ဘုရာစင်မှာ ထွန်းထားတဲ့ ဖယောင်တိုင်ကနေ မီးကူးပြီး လောင်လာတယ်လို့ သိရတယ်။” လို့ သူက ပြောပါတယ်။
လူ ခေါ်ထုတ်နိုင်ခဲ့သလို ကားလည်း မောင်းယူနိုင်ခဲ့ပြီး မီးသတ်ကားတွေက နာရီဝက်ခန့်အတွင်း မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့ကလည်း အောင်ဒန့် ပန့်ဆီဆိုင်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူတယောက် အနည်းငယ် မီးလောင် ထိခိုက် ခဲ့တာဖြစ်ပါတယ်။