❝မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို ရုံးဖွင့်လှစ်ခြင်း၊ တရားမဝင်ဆန့်ကျင်သည့် လှုပ်ရှားမှုများဆောင်ရွက်ခြင်းခွင့်ပြုမည်မဟုတ်ဟု တီမောပြောဆို❞

စက်တင်ဘာ ၁၉

တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို ရုံးဖွင့်လှစ်ခြင်း၊ တရားမဝင်ဆန့်ကျင်သည့် လှုပ်ရှားမှုများဆောင်ရွက်ခြင်းခွင့်ပြုမည်မဟုတ်ကြောင်း တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာဘန်ဒီတိုဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ် က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့သည်။

အဆိုပါ တီမောလက်စ်တေနိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာဘန်ဒီတိုဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ အလုပ်သဘောခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်နေခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် စက်တင်ဘာ ၁၈ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံဆက်ဆံရေးကို အာဆီယံပဋိညာဉ်၊ အခြေခံမူများ၊ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ တစ်နိုင်ငံ၏ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုမပြုဘဲ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို တိုးမြှင့်သွားကြရန် အလေးထား ဆွေးနွေးသဘောတူခဲ့ကြသလို မြန်မာနိုင်ငံအစိုးရအား တီမောလက်စ်တေနိုင်ငံ မြို့တော်ဒီလီ၌ မြန်မာသံရုံး လာရောက်ဖွင့်လှစ်ရန် ကမ်းလှမ်းသွားခဲ့သည်။

အလားတူ နှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ အာဆီယံနိုင်ငံများအကြား ချုပ်ဆိုကြသည့် နှစ်နိုင်ငံသံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးနှင့် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းတိုးမြှင့်ရေးအတွက် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image