5 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်မှာ လမ်းဘေးတောင်းရမ်းတဲ့ အသက် ၄ နှစ်ကလေးမလေး အဓမ္မပြုကျင့်ခံရတဲ့လက္ခဏာတွေရလို့ ဆေးရုံမှာကုသမှုခံယူနေရ
စက်တင်ဘာ ၁၉၊ ၂၀၂၅

ရန်ကုန်တိုင်း ၊ ဗိုလ်တထောင်မြို့နယ်၊ အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းကြား ၄၈ လမ်းရှိ ကားပါကင်အနောက်မှာ ဒီနေ့စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက လမ်းဘေးတောင်းရမ်းတဲ့ အသက် ၄ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခံရတဲ့ လက္ခဏာ တွေ့ရှိရတာကြောင့် ဟယ်လ်ပင်ကလေးဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူ​က ကလေးငယ်နဲ့ ရင်းနှီးသူထဲကဖြစ်နိုင်ကြောင်း ရှင်သန်ရေးကူညီမှုအသင်းတာဝန်ရှိသူက မြေပြင်မေးမြန်းစုံစမ်းချက်အရ သုံးသပ်ပြောဆိုပါတယ်။
"ဒီကလေးလေးက အဲဒီတယောက်နဲ့ နည်းနည်းရင်းရင်းနှီးနှီးရှိတဲ့သဘောရှိတယ်။ကျွန်တော့ကလေးတွေကမေးတော့ ဘာဖြစ်တာလဲဘာညာပေါ့ ဒီအရုပ်ကလေးကလှလိုက်တာဆိုတော့ ဦးဦးဝယ်သွားပေးတာ၊မုန့်လည်းကျွေးတယ်ဆိုပြီးပြောတယ်။သူတို့အဖွဲ့ထဲကရင်းနှီးတဲ့သူဖြစ်လောက်တယ်။သူတို့ကအဲဒီနားမှာကျက်စားတဲ့သဘောရှိတယ်။ကလေးကို မိဘတွေက လမ်းဘေးမှာတောင်းစားခိုင်းတဲ့သဘောရှိတယ်။တချို့လည်းကလေးလေးကိုသိနေကြတဲ့သဘောရှိတယ်။"လို့ မြေပြင်ကူညီရေးဆောင်ရွက်ခဲ့တဲ့ ရှင်သန်ရေးကူညီမှုအသင်းတာဝန်ရှိသူကပြောပါတယ်။
ဖြစ်စဥ်ကတော့ ကားပါကင်အနောက်မှာ ကလေးငယ်တယောက်တွေ့ရှိရကြောင်း သတင်းအရ သွားရောက်ခဲ့ရာ ကလေးကိုတွေ့ရှိချိန်မှာ ကလေးငယ်ရဲ့ ခြေထောက်နဲ့ အင်္ကျီမှာ သွေးတွေတွေ့ရှိရတာကြောင့် မြို့နယ်ဆရာဝန်မှ ရောက်လာပြီးစစ်ဆေးမှုအရ ကလေးငယ်မှာ အဓမ္မပြုကျင့်ခံထားရတဲ့လက္ခဏာတွေ့ရှိရတဲ့အတွက် ဆေးရုံကိုပို့ဆောင်ခဲ့တာဖြစ်တယ်လို့ မြေပြင်ကူညီရေးဆောင်ရွက်ခဲ့တဲ့ ရှင်သန်ရေးကူညီမှုအသင်းတာဝန်ရှိသူကပြောပါတယ်။
"ရောက်သွားတော့ ခြေထောက်နဲ့စကတ်မှာ သွေးစတွေတွေ့တော့ ချက်ခြင်းမြို့နယ်ဆရာဝန်မကိုလှမ်းဆက်တယ်။ရောက်လာပြီး စစ်ဆေးပြီးဆေးရုံကြီးသွားခိုင်းတယ်။ဆေးရုံကြီးမှာစစ်ဆေးပြီး ကလေးဆေးရုံကြီးကိုပို့ခိုင်းတယ်။ဆရာမတွေပြောနေကြတဲ့သဘောအရ ထိခိုက်မှုရှိတယ်ပေါ့။"လို့ သူကထပ်မံပြောပါတယ်။
လက်ရှိမှာ ကလေးငယ်ရဲ့မိဘတွေနဲ့လည်း အဆက်အသွယ်ရရှိပြီဖြစ်ကြောင်း ၊ကလေးကို ဟယ်လ်ပင်ကလေးဆေးရုံကြီးမှာ လိုအပ်တဲ့ဆေးဝါးကူသမှုတွေပေးနေတယ်လို့သိရပါတယ်။
ဖြစ်စဥ်ဖြစ်ပွားရာအနီးတဝိုက်မှာ cctv တွေရှိတာကြောင့် သက်ဆိုင်ရာ ဗိုလ်တထောင်မြို့နယ်ရဲစခန်းက အမှုဖြစ်စဥ်ကို စုံစမ်းနေပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။
ဓာတ်ပုံ - ရှင်သန်ရေးကူညီမှုအသင်း

image