ဖားကန့် ဆိုင်းတောင်ထိ စစ်ရေးတင်းမာနေပြီး ကြိုတင်ရှောင်ရှားဖို့ သတိပေးမှုတွေရှိ

စက်တင်ဘာ ၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ကျေးရွာဘက်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး လေကြောင်း တိုက်ခိုက်မှုတွေလည်း ထပ်မံ ဖြစ်ပွားလျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ အခြေအနေအရ တိုက်ပွဲ နီးကပ်လာပြီ ဖြစ်တာကြောင့် ဆိုင်းတောင် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာ နေရာတွေကို ကြိုတင် ရှောင်ရှားနိုင်ဖို့အတွက် အရေးကြီး ပစ္စည်းတွေကို ထုပ်ပိုး အသင့်ပြင်ထားဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာရောက် သတိပေးမှုလည်း ရှိနေတယ်လို့ သိရပါတယ်။

“ဆိုင်းတောင်က တိုက်ပွဲ တဖြည်းဖြည်း နီးကပ်လာပြီ။ နလအက သူတို့ လက်လွတ်လိုက်ရတဲ့ နေရာတွေကို ရွေးကောက်ပွဲ မတိုင်မီ အရယူဖို့ ပြင်ဆင်နေပုံရတယ်။ ဒီအချိန်မှာ လေကြောင်း အန္တရာယ်ကိုလည်း ပိုသတိထားရမယ်။ ဒေသခံတွေ အားလုံး သတိရှိကြဖို့လိုတယ်” လို့ ဒေသတွင်း သတင်းရင်းမြစ် တယောက်က ပြောပါတယ်။

မနေ့ စက်တင်ဘာ ၁၇ ရက်၊ ည ၁၂ နာရီဝန်းကျင်ကလည်း ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာအုပ်စု၊ မှော်ရှန်ရပ်ကွက်က ရတနာစိမ်း ကုမ္ပဏီဝင်းမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်၊ သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

“မှော်ရှန်က ကားတာယာဆိုင် နောက်ကျောက ရတနာစိမ်းကုမ္ပဏီဝင်းမှာ ဖြစ်တာ။ အိမ်နားကနေကပ်ပြီး ပစ်ချသွားတာ။ အတိုင်းသား မြင်ရတယ်။ လေကြောင်း တိုက်ခိုက်မှုဖြစ်ပြီး နာရီဝက်အကြာမှာပဲ ဆိုင်းတောင်ပေါ် ဒရုန်းဝဲနေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

နလအတပ်အနေနဲ့ အခု စက်တင်ဘာ လဆန်းပိုင်းကနေစပြီး ဆိုင်းတောင်၊ မှော်တောင်း၊ ဆန်းကြွယ်နဲ့ အေးမြသာယာအုပ်စု ရှရော်ခ၊ ညောင်ပင်ကုန်း နှစ်နေရာကို မြေပြင်ကနေ စစ်ကြောင်းထိုးတာအပြင် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုတွေ တပြိုင်နက်တည်း လုပ်ဆောင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

မနေ့ စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆန်းကြွယ်၊ မှော်တောင်းကျေးရွာ နှစ်ရွာကို လက်လွှတ်လိုက်ရပြီး နလအတပ်က ဝင်ရောက် နေရာယူလိုက်တယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာအုပ်စု၊ မှော်တောင်းနဲ့ ဆန်းကြွယ်ကျေးရွာကို ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့မှ စတင်ကာ နလအတပ်တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာလို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။

“အဲဒီ စစ်ကြောင်းကြောင့် KIA ပူးပေါင်းတပ်တွေရဲ့ မှော်တောင်းဂိတ် ဆုတ်ပေးလိုက်ရတယ်။ ‌မှော်တောင်းနဲ့ ဆန်းကြွယ် ကပ်လျက် ကျေးရွာနှစ်ရွာမှာလည်း စစ်ရေး တင်းမာမှုတွေ ရှိခဲ့တယ်။ မနေ့ စက်တင်ဘာ ၁၇ ရက်၊ မနက်မှာတော့ လက်နက်ကိုင် တပ်တွေဘက်က အလုံးစုံ ဆုတ်ပေးလိုက်ရတဲ့ အခြေအနေပေါ့။ လက်ရှိမှာ နလအတပ်က ဆန်းကြွယ်ကျေးရွာ ဘုရားကုန်းနဲ့ ကျေးရွာ နေအိမ်တွေထဲမှာ ဝင်ရောက် နေရာယူထားတယ်” လို့ သူက ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ အခု စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ ပြင်းထန်တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်ကနေ ၁၅ ရက်နေ့အထိ ငါးရက်ကြာ တိုက်ပွဲ ခေတ္တ ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ စစ်ရေးပြန်လည် တင်းမာလာပြီး အဆိုပါ မြို့နယ်ထဲက ရပ်ကွက်၊ ကျေးရွာတွေမှာ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးကျည် ကျရောက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

ဆန်းကြွယ်နဲ့ မှော်တောင်းကျေးရွာနှစ်ရွာ တည်ရှိတဲ့ ဆိုင်းတောင်ကျေးရွာအုပ်စု တခုလုံးကို KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလလောက်မှာ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဆိုင်းတောင်ကျေးရွာ အုပ်စုထဲက ဆန်းကြွယ်နဲ့ မှော်တောင်းကျေးရွာ နှစ်ရွာဟာ ရွာချင်းကပ်ဖြစ်ပြီး မှော်တောင်းကျေးရွာက ရွာအဝင်မှာဖြစ်ကာ ဆန်းကြွယ်ကျေးရွာက အထက်ပိုင်း တောင်ကုန်းနေရာမှာ တည်ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ နလအတပ် တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ဖားကန့်မြို့က ရှရော်ခ၊ ညောင်ပင်ကုန်းကျေးရွာကတော့ မှော်တောင်း၊ ဆန်းကြွယ် ကျေးရွာနှစ်ရွာရဲ့ အထက်ပိုင်းမှာ တည်ရှိနေပြီး အေးမြသာယာ ကျေးရွာအုပ်စုမှာ ပါဝင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

နလအရဲ့ တန်ပြန် ထိုးစစ်အတွင်း ပြီးခဲ့တဲ့ ဩဂုတ်လအထိ ဖားကန့်ဒေသအတွက် အရေးပါတဲ့ ကားမိုင်း - နန့်ယားလမ်း၊ လုံးခင်းကျေးရွာအုပ်စုရှိ ကျေးရွာတွေမှာ ဝင်ရောက် နေရာယူခဲ့ပြီးနောက် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာဘက်ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

Photo - CJ

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image