❝Dj Violet တောင်းပန်တာကို လက်ခံခွင့်လွတ်ခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အပါအဝင် ဆရာတော် ၅ ပါး ဝန်ခံကတိလက်မှတ်ထိုးစေဖို့ မဟန ဆုံးဖြတ်❞

စက်တင်ဘာ ၁၈

ဗုဒ္ဓ သရဏံ ဂစ္ဆာမိ ဓမ္မတေးသီးချင်းကို ကလပ်မှာ တီးခတ်ကပြဖျော်ဖြေခဲ့မှုအပေါ် မှားယွင်းကြောင်း Dj Violet ရဲ့ ခံဝန်ထိုးတောင်းပန်မှုကို လက်ခံခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အပါအဝင် ဆရာတော် ၅ ပါးကို ခံဝန်ကတိပြုလက်မှတ်ရေးထိုးစေဖို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) က ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ပထမအဖွဲ့ခွဲ)ရဲ့ ပထမအကြိမ်၊ ပထမအထူးအစည်းအဝေးက အထက်ပါအတိုင်း ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။

ယခုလို ဆုံးဖြတ်ရတာကတော့ သရဏဂုံ သုံးပါးစာသားကို Dj Version ပြုလုပ်ဖန်တီးပြီး မူးယစ်ကခုန်မြူးထူးခြင်းဟာ ဗုဒ္ဓသာသနာတော်ကို ထိခိုက်အောင်စော်ကားခြင်းဖြစ်တဲ့အပြင် ဗုဒ္ဓဘာသာအပေါ် ပိုမိုရိုင်းပြတဲ့ အပြုအမူတွေကို တိုးပွားဆောင်ရွက်လာနိုင်တာကြောင့် ထိရောက်စွာ ဟန့်ထားဖို့ အရေးတကြီး လိုအပ်တဲ့အတွက် Dj Violet ဝန်ချတောင်းပန်တာကို မြို့နယ်အဆင့်ရှိ သံဃနာယကအဖွဲ့က နိုင်ငံတဝန်း ရဟန်းရှင်လူ ပြည်သူတို့ရဲ့ကိုယ်စား ခွင့်လွတ်ကြောင်းလက်မှတ်ရေးထိုးခြင်းက လျော်ကန် သင့်မြတ်မှုမရှိ သလို သံဃာအဖွဲ့ အစည်းအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်း သံဃာ့နာယကလက်စွဲတို့နဲ့လည်း ညီညွတ်မှုမရှိကြောင်း တင်ပြလျှောက်ထားတာတွေကြောင့်လို့ ဆိုထားပါတယ်။

အလားတူ ဒီလို ခွင့်လွှတ်လိုက်ခြင်းက နောင်အခါမှာလည်း ဗုဒ္ဓဘာသာကိုစော်ကားပြီး ၎င်းတို့ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်လွတ်မြောက်စေဖို့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို အကာအကွယ်ယူ အသုံးချလာနိုင်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ဗုဒ္ဓဘာသာကိုစော်ကားတဲ့ ဖြစ်စဉ်ကိစ္စရပ်ကို လက်ခံခွင့်လွတ်ပေးခြင်းမျိုး မရှိစေရေး ညွှန်ကြားချက်ထုတ်ပြန်ပေးဖို့ တင်ပြလျှောက်ထားလာတဲ့အတွက် ယခုလို ခွင့်လွှတ်သူဆရာတော်တွေကို ခံဝန်ထိုးဖို့ မဟန က ဆုံးဖြတ်လိုက်တာပါ။

ဒါ့အပြင် သာသနာတော်ညှိုးနွမ်းအောင် ပြုမှုခဲ့ကြသူတွေက ဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရအောင် တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့တွေက ဆရာတော်ကြီးများထံချဉ်းကပ်ပြီး ဆရာတော်ကြီးတွေကို အသုံးချလျှောက်ထားလာခြင်းကို လက်ခံခွင့်လွှတ်ပေးခြင်းမျိုး မရှိစေရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့(ဂိုဏ်းစုံ)ကို ညွှန်ကြားသွားဖို့လည်း အဲဒီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါသေးတယ်။

Dj Version ရဲ့ အပြုအမူဟာ သာသနာတော်ညှိုးနွမ်းအောင် ပြုမှုခြင်းဖြစ်တယ်လို့ ပြောဆိုခဲ့ကြပေမယ့် အဆိုပါ Dj Version အပါအဝင် ၄ ဦးတို့ကို အရေးယူရာမှာတော့ သာသနာတော်ညှိုးနွမ်းစေမှု ဥပဒေပုဒ်မနဲ့ အရေးယူခြင်းမပြုဘဲ မဟာအောင်မြေမြို့နယ်၊ အမှတ် (၉)မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်နေတယ်ဆိုပြီး နိုင်ငံပိုင်က အသိပေးထုတ်ပြန်ထားပါတယ်။

#သတင်းဟင်းလေးအိုးကြီး

imageimage