မြစ်ကြီး - ရန်ကုန် လေယာဥ်လက်မှတ်ခ ၈ သိန်းကျော်အထိ ဖြစ်လာသလို မြစ်ကြီးနား - မန္တလေး လေယာဥ်လက်မှတ်ခလည်းမြင့်တက်လာ

စက်တင်ဘာ ၁၈

မြစ်ကြီးနား - ရန်ကုန် ၊ မြစ်ကြီးနား-မန္တလေး လေယာဥ်လက်မှတ်စျေးနူန်းတွေ အဆမတန်မြင့်တက်လာနေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၈ ရက်နောက်ပိုင်းကစပြီး မြစ်ကြီးနား - ရန်ကုန် လေယာဥ်လက်မှတ်ခနူန်းထားမှာ တကြောင်းစာအတွက် လေကြောင်းလိုင်းအမျိုးအစားအပေါ်လိုက်ပြီး အနိမ့်ဆုံး ၆၅၀၀၀၀ ကျပ်ကျော်ရှိပြီး အမြင့်ဆုံးက ၈၆၀၀၀၀ ကျပ်ကျော်ရှိလာတယ်လို့သိရပါတယ်။

စက်တင်ဘာ ၈ ရက်မတိုင်ခင်က မြစ်ကြီးနား - ရန်ကုန် လေယာဥ်လက်မှတ်ခနူန်းထားမှာ ၆ သိန်းကျပ်ကျော်သာ ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

" ဟုတ်ပါတယ် ။ ရန်ကုန် မြစ်ကြီးနာလေယာဥ်လက်မှတ်က ရှစ်သိန်းကျော်သွားပြီ ။ကိုယ်က ရက်အမြန်လိုလို့ ပွဲစားတွေနဲ့ ဝယ်မယ်ဆိုရင် ကိုးသိန်းကျော် ဆယ်သိန်းလောက်အထိပေးရတယ်။လေကြောင်းလိုင်းအပေါ်လိုက်ပြီးကွာတာပေါ့။ဘယ်လိုကြောင့် ဒီလောက်ထိတက်နေလဲ မသိပါဘူး။ ဘာကြောင့်တက်ရပါတယ်ဆိုတာမျိုးလည်းလေကြောင်းလိုင်းတွေက အသိပေးတာမရှိဘူး။ကိုယ်သွားချင်တဲ့ရက်နဲ့ လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်တွေဆီမှာရရင်တော့ ရောင်းစျေးအမှန်ရမှာပေါ့။ အဲဒါကလည်းသိပ်တော့မလွယ်ဘူး။ အကြောင်းကိစ္စရှိလို့သွားမယ်ဆိုရင်တောင် လေယာဥ်လက်မှတ်ခအရင်ရှာရမှာ။ကားလမ်းတွေအဆင်မပြေလို့ လေယာဥ်အားကိုးမယ်ဆိုတော့ စျေးကခေါင်ခိုက်နေတယ်။" လို့ ရန်ကုန် - မြစ်ကြီးနားကို လေယာဥ်ခရီးစဥ်နဲ့သွားရောက်ခဲ့သူ မြစ်ကြီးနားဒေသခံကပြောပါတယ်။

ရန်ကုန် - မြစ်ကြီးနား လေကြောင်း လက်မှတ်စျေးနူန်းတွေအဆမတန်မြင့်တက်မှုနဲ့အတူ မန္တလေး - မြစ်ကြီးနား လေယာဥ်လက်မှတ်စျေးနူန်းကလည်း သောင်းဂဏန်းလောက်မြင့်တက်လာတယ်လို့သိရပါတယ်။

မန္တလေး - မြစ်ကြီးနား လေယာဥ်လက်မှတ်ခနူန်းထားမှာ ၄၀၀၀၀၀ ကျပ်ကျော်မှ ၅၀၀၀၀၀ ကျော်အထိရှိနေတယ်လို့သိရပါတယ်။

" စျေးလေးနည်းနည်းတော့တက်လာတယ် ။သောင်းဂဏန်းပါဘဲ။ပွဲစားကတဆင့် ဝယ်သူကတော့ ပုံမှန်ထက်ပိုများတယ်။ လက်မှတ်ခက ရက်အလိုက် စျေးနူန်းကအပြောင်းအလဲလည်းရှိပါတယ်။ " လို့ လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်တယောက်ကပြောပါတယ်။

ရန်ကုန်မှ ဘန်ကောက်ကို လေယာဥ်လက်မှတ် တကြောင်းစာကိုမှ မြန်မာငွေ ၅၀၀၀၀၀ သိန်းကျော်သာရှိချိန်မှာ မြစ်ကြီးနား - ရန်ကုန် လေယာဥ်လက်မှတ်ခနူန်းထားက ၈၀၀၀၀၀ ကျော်အထိအဆမတန်မြင့်တက်လာတဲ့အပေါ် ဝေဖန်မှုတွေလည်းရှိနေပါတယ်။

" ကိုယ့်ပြည်တွင်း သွားတာကို ဒီလောက်ကြီးတက်တာကျ လွန်သွားပြီ။ ကားတွေလို့ လမ်းမှာဂိတ်ကြေးပေးရတာလည်းမရှိဘဲ မကြာခဏတက်နေတာ။" လို့ မြစ်ကြီးနား ဒေသခံကပြောပါတယ်။

လက်ရှိမှာ မြစ်ကြီးနား - မန္တလေး - ရန်ကုန် လေကြောင်းခရီးစဥ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း ၊ မင်္ဂလာလေကြောင်းလိုင်း ၊ မန်းရတနာပုံလေကြောင်းလိုင်း တို့က လေယာဥ်ပြေးဆွဲပေးနေတာဖြစ်တယ်လို့သိရပါတယ်။

မြစ်ကြီး - မန္တလေး ကားလမ်းပိုင်းတလျှောက်မှာ မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းမှာ ကားတွေ လနဲ့ချီပိတ်မိမှုတွေ ဖြစ်ပွားတာကြောင့် အရေးကြီးကိစ္စသွားလာဖို့လိုအပ်သူတွေဟာ လေကြောင်းခရီးစဥ်ကို သာအသုံးပြုနေကြရတာဖြစ်တယ်လို့သိရပါတယ်။

ကားလမ်းပိုင်းအခက်အခဲကြောင့် လေကြောင်းခရီးစဥ်ကို ပြောင်းလဲအသုံးပြုရသူများပြားလာမှုနဲ့အတူ လေယာဥ်လက်မှတ်ခနူန်းထားတွေကလည်း မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

Credit - Voice of Myanmar

#သတင်းဟင်းလေးအိုးကြီး

image