၅ ရက်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၂ဝဝ ကျော်ကိုထိုင်းရဲဖမ်းဆီး
စက်တင်ဘာ ၁၇
ယခုရက်သတ္တပတ် ၅ ရက်အတွင်းမှာထိုင်းနိုင်ငံဘက်ကိုတရားမဝင် လမ်းကြောင်းကနေဝင်ရောက်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၂ဝဝ ကျော်ဟာထိုင်းရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြန်တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကိုကူညီဆောင်ရွက်သူတွေကပြောပါတယ်။
အခုစက်တင်ဘာလအတွင်းမှာပင်ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင်အတွင်းသို့တရားမဝင်သွားရောက်ခဲ့တဲ့မြန်မာနိုင်ငံသားရာနဲ့ချီဟာထိုင်းရဲတွေရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရတာဖြစ်တယ်လို့ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
"ဟိုတရက်ကလည်းမြဝတီဘက်ကနေတရားမဝင်တက်လာတဲ့ ကျွန်တော်တို့အမျိုး ၂၄ ယောက်ထိုင်းဘက်မှာဖမ်းဆီးခံလိုက်ရတယ်။သူတို့ကမြဝတီမြို့နယ်ကနေသောင်ရင်းမြစ်ကိုဖြတ်ပြီးတက်လာတာကံတရားပေါ့၊ကိုယ့်နိုင်ငံမှာအဆင်မပြေမှုတွေနဲ့ဆိုတော့အဆင် ပြေမယ်ထင်တဲ့နိုင်ငံတွေကိုရရာ လမ်းကြောင်းကနေသွားကြရတာပေါ့"လို့ ထိုင်းရောက်မြန်မာရွှေ့ ပြောင်းလုပ်သားတယောက်က ပြောပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားအများစုဟာထိုင်းနိုင်ငံကိုတရားမဝင်လမ်းကြောင်းတွေကနေဝင်ရောက်ဖို့အတွက်ပွဲစားတွေကိုထိုင်းဘတ်ငွေ ၁၅ဝဝဝ ကနေ ၂ဝဝဝဝ လောက်အထိဝန်ဆောင်ခအဖြစ်ပေးဆောင်ခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။
"ပို့ပေးတဲ့ပွဲစားတွေကိုကပေါင်းစားနေကြတာများတယ်။တမင်အဲ့လိုအစုလိုက်အပြုံလိုက်ဖြစ်အောင်ကိုစုပြီးမှဖြစ်ချင်ရာဖြစ်ထားခဲ့ကြတယ်။ဘာမှတာဝန်ယူမှုမရှိဘူး။သူတို့ကဒီဘက်ကငွေရတယ်။နယ်စပ်မှာပို့ခဲ့တယ်။ ထိုင်းရဲကဖမ်းတယ်ပြန်ပို့တယ်။တမင်လုပ် စားနေကြတာပါ"လို့ မြန်မာရွှေ့ပြောင်းလုပ် သားအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ထပ်လောင်းပြောပြပါတယ်။
ဒီလိုတရားမဝင်လမ်းကြောင်းကနေထိုင်းဘက်ကိုသွားရောက်နေကြတဲ့မြန်မာရွှေ့ ပြောင်းလုပ်သားတွေဟာနေ့စဉ်ဆိုသလိုထိုင်းရဲတွေရဲ့အဖမ်း အဆီးကိုခံနေကြရတာဖြစ်ပါတယ်။
ဒေသတွင်းသတင်းတွေအရ အခုစက်တင် ဘာလ ၁၂ ရက်နေ့မှာ ထိုင်းကိုတရားမဝင်လာကြတဲ့ မြန်မာ ၁၁ ယောက်ကန်ချနဘူလီခရိုင်မှာဖမ်းမိခဲ့သလို ဖိစနုလောခရိုင်မှာလည်း တရားမဝင်လမ်းနဲ့ ဝင်လာတဲ့ မြန်မာ ၈ ယောက်ကိုထိုင်းရဲတွေကဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။
ဒါအပြင် စက်တင်ဘာလ ၁၃ ရက်နေ့မှာ ထိုင်းကိုတရားမဝင်လမ်းကနေလာကြတဲ့ မြန်မာ ၂၄ ယောက်မဲဆောက်မြို့မှာဖမ်းဆီးခံရသလို အဲဒီနေ့မှာပင် ထိုင်းနိုင်ငံ၊မဟာချိုင်မြို့မှာ မြန်မာအလုပ်သမားတွေစျေးဝယ်ပြီးပြန်လာကြတာကို အထောက်ထားအစုံရှိသော်လည်းထိုင်းရဲတွေကစစ်ဆေးပြီးဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားအရေးကူညီဆောင်ရွက်သူတွေကပြောပါတယ်။
အဲဒါအပြင် အခုစက်တင် ဘာလ ၁၆ ရက်နေ့မှာလည်း ထိုင်းကိုတရားမဝင်လမ်းကဝင်လာတဲ့ မြန်မာ ၁၁၃ ယောက်ကိုကန်ချနဘူလီခရိုင်မှာ ဖမ်းမိခဲ့ပြန်တယ်လို့ ဆိုပါတယ်။
ဒီလိုကိစ္စရပ်တွေဖြစ်ပေါ်နေရတာဟာပြည်တွင်းမှာဖြစ်ပေါ်နေတဲ့အလုပ်အကိုင်အခွင့်အရေးအခြေအနေတွေနဲ့အများကြီးသက်ဆိုင်တယ်လို့ လေ့လာသုံးသပ်သူဝါရင့်သတင်းစာဆရာတယောက်က ဆိုပါတယ်။
"အခုကဘယ်လိုဖြစ်လဲဆိုရင်ပြည်ပကိုထွက်ပြေးနေကြတဲ့သူတွေအပေါ်ကိုနူရာဝဲစွဲ၊လဲရာသူခိုးထောင်းဆိုသလိုပါဘဲ။ပြည်တွင်းပြည်ပချိတ် ဆက်ထားတဲ့လူမှောင်ခိုကူးတဲ့ဂိုဏ်းတွေကြောင့်ပိုပိုပြီးဆိုးလာတဲ့အခြေ အနေဖြစ်တယ်"လို့ လေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။
အခုလိုထိုင်းမှာမြန်မာရွေ့ပြောင်းလုပ်သားအများစုဖမ်းဆီးခံရမှုတွေကြောင့် ထိုင်းကိုတရားမဝင်လမ်းကြောင်းတွေကနေဝင်မလာကြဖို့သတိပေးနှိုးဆော်မှုတွေရှိနေသော် လည်းဒါကိုယနေ့အထိမထိန်းချုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်ဖြစ်တဲ့ မြဝတီဘက်က တရားမဝင်လမ်းကြောင်းကနေဝင်ရောက်နေကြသလို တာချီလိတ်ဘက်ကနေလည်းထိုင်းဘက်ကိုတရားမဝင်ဝင်ရောက်သူအများအပြားရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကိုကူညီဆောင်ရွက်သူတွေရဲ့ပြောစကားအရရန်ကုန်ကနေတာချီလိတ်တိုက်ရိုက်ထွက်သမျှ ယာဉ်လိုင်းတိုင်းမှာမြန်မာလူငယ်လူရွယ်အမြောက်အများနေ့စဉ်ရက်ဆက်အပြည့်အကြပ်လိုက်ပါလာကြတာတွေရှိနေတယ်လို့လည်းသိရပါတယ်။
တချို့လူငယ်တွေဆို တာချီလိတ်မြို့ဟာ မြန်မာပိုင်နယ်စပ်မြို့မှန်းတောင်မသိပွဲစားတွေ စကားနဲ့လမ်းဆုံးနေကြတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကိုကူညီဆောင်ရွက်သူတွေက ပြောပါတယ်။
"တာချီလိတ်ကနေ မယ်ဆိုင်ဝင်ခွင့်က(၇)ရက် ဗီဇာပဲပေးထားတာပါ။ဟိုဘက်ဆက်ဝင်ရင် တရားမဝင်ခိုးဝင်ဖြစ်သွားလို့ ထိုင်းရဲကဖမ်းပါတယ်။နေ့တိုင်းဖမ်းနေ့တိုင်းမိနေပါတယ်" သူက ပြောပါတယ်။
ဒါအပြင်စက်တင်ဘာလ ၁၂ ရက်နေ့ကလည်းထိုင်းနိုင်ငံကိုတရားမဝင်လာကြရင်းကန်ချနာဘူရီခရိုင်၊စံခလဘူရီမြို့မှာ လှေမှောက်ပြီး မြန်မာ ၃ ယောက် ရေနစ်သေဆုံးခဲ့ရတယ်လို့လည်း မြန်မာရွှေ့ပြောင်းအလုပ် သမားအရေးကိုကူညီဆောင်ရွက်သူတွေက ပြောပါတယ်။
Photo - CJ
ပုံစာ - မြန်မာရွှေ့ပြောင်းလုပ်သားတွေဖမ်းဆီးခံရမှု။
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး


