23 နာရီ - ဘာသာပြန်ပါ။

◾️ရွေးကောက်ပွဲဆိုင်ရာစည်းမျဉ်းများ တင်းကျပ်လွန်းဟု နိုင်ငံရေးပါတီတချို့ညည်းတွား
လာမည့်ရွေးကောက်ပွဲတွင်အသုံးပြုမည့် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်(PR)နှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ၏ စည်းမျဉ်းစည်းကမ်းများ တင်းကျပ်လွန်းသဖြင့် အခက်တွေ့ရကြောင်း တစ်နိုင်ငံလုံးရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီတချို့က စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။
“ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်ကမိတ်ဆက်ပေးထားတဲ့ PR စနစ်အကြောင်းစာအုပ်လည်းရှိတယ်။ နိုင်ငံတကာ PR စနစ်အကြောင်း ကျွန်တော်တို့လေ့လာထားတာတွေလည်းရှိတယ်။ အဲဒါတွေနဲ့မတူဘဲ နဲ့ လုပ်ထားတဲ့ကိစ္စပေါ့။ PR အတွက် ရှစ်ယောက်ရှိရင် ရှစ်ယောက်စလုံးပြည့်မှ FPTP မှာလက်ခံမယ်ဆိုတဲ့ကိစ္စမျိုးက အရမ်းကို စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်လွန်းအားကြီးတယ်” ဟု ပြည်သူ့ပါတီအတွင်းရေးမှူးဦးမာကီးကပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိညွှန်ကြားချက်များအရ သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ် အလိုက် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင်လိုသည့် နိုင်ငံရေး ပါတီများအနေဖြင့် PR မဲဆန္ဒနယ်အားလုံးအတွက်ပါ ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းရကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။
“ရှမ်းမြောက်မှာ ရွေးကောက်ပွဲလုပ်နိုင်တာ နှစ်မြို့နယ်ပဲရှိတယ်။ မူဆယ်နဲ့လားရှိုးပဲ။ ၁၄ ယောက်လုံး တင်ခိုင်းတော့ အရမ်းခက်ခဲတယ်။ ဒါပေမဲ့ ခက်ခဲလည်းပြည့်အောင်ထည့်လိုက်တယ်” ဟု ရှမ်းနှင့်တိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP) ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောဆိုထားသည်။
ပြည်သူ့ပါတီသည် ယခုစက်တင်ဘာလ ၁၃ ရက်နေ့စွဲဖြင့် UEC ထံပေးပို့သောအကြံပြုစာတွင် PR စနစ်သည် ပါတီငယ်များအတွက် အခွင့်အရေးပိုရနိုင်သည်ဟု ယူဆကြသော်လည်း လက်တွေ့တွင် FPTP စနစ်ဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကိုပါရုပ်သိမ်းခံရသည့် သဘောဖြစ်နေသည်ဟု အဆိုပါအကြုံ ပြုစာတွင်ဖော်ပြထားသည်။
“လက်တွေ့နိုင်ငံရေးအခြေအနေ၊ မြေပြင်အခြေအနေတွေနဲ့ကဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ ဥပဒေ စည်းမျဉ်းစည်းကမ်းပြဌာန်းတဲ့သူတွေအနေနဲ့ စဉ်းစားချင့်ချိန်ပြီးတော့ လုပ်စေချင်တယ်” ဟု ပြည်သူ့ပါတီအတွင်းရေးမှူးဦးမာကီးကပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အတွက် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) တစ်ဦးဝင်နိုင်ရန် PR ကို ၁၇ မြို့နယ်မှ ကိုယ်စားလှယ်လောင်း ၁၇ ဦးဝင်ရမည်ဟုညွှန်ကြားထားသဖြင့် ဘဏ္ဍာရေး၊ လုံခြုံရေး၊ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကြုံနေရကြောင်း ပြည်သူ့ပါတီကဆိုသည်။
“အခုလည်း တက်သုတ်ရိုက်ပြီးတော့ ကသောင်းကနင်းနဲ့လုပ်နေရတာပေါ့။ ဥပမာ တချို့နေရာမှာ ခရီးသွားဖို့ခက်ခဲတာတွေရှိတယ်။ စရိတ်စကကြီးတာတွေရှိတယ်။ ရက်တွေကကပ်နေတာ၊ အရေအတွက်က အများကြီးတောင်းဆိုထားတာတွေနဲ့ဆိုတော့ အကုန်လုံးကသောင်းကနင်းတွေ ဖြစ်ကြတာပေါ့” ဟုဦးမာကီးကပြောသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများပါဝင်နေသည့် တိုင်းနှင့်ပြည်နယ်များတွင် အမျိုးသားလွှတ်တော်၊ တိုင်းနှင့်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ဒေသခံတိုင်းရင်းသားများဖြစ်ရန် ပြင်ဆင် ပြဌာန်းထားခြင်းကြောင့် ကိုယ်စားလှယ်လောင်းရှာဖွေရခက်ခဲသကဲ့သို့ သန်းခေါင်စာရင်းပြောင်းရွှေ့ဝင် ရောက်မရနိုင်သည့်အခက်အခဲကြုံတွေ့ရကြောင်း UEC ထံပေးပို့သောပြည်သူ့ပါတီ၏အကြုံပြုစာတွင် ဆက်လက်ဖော်ပြထားသည်။
လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ယှဉ်ပြိုင်ရန်ပြင်ဆင်နေသည့် SNDP ပါတီ ဥက္ကဌဦးစိုက်အိုက်ပေါင်းကလည်း ၎င်းတို့ပါတီအနေဖြင့် ကရင်နှင့်မွန်ပြည်နယ်တို့တွင် ကိုယ်စားလှယ် လောင်းရှာရခက်ခဲနေကြောင်းပြောဆိုသည်။
ယခုစက်တင်ဘာလပထမပတ်အတွင်း နိုင်ငံရေးပါတီတချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံ ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းရသည့်ကာလ ရက်တိုးမြှင့်ပေးရန်အပါအဝင် သတ်မှတ်ချက် တချို့ ဖြေလျှော့ပေးရန် စာပေးပို့တောင်းဆိုမှုများရှိခဲ့သည်။
ကော်မရှင်ကမူ ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းရမည့်နောက်ဆုံးရက်ကို မူလက စက်တင်ဘာ ၁၇ ရက်ဟုသတ်မှတ်ထားရာမှ ငါးရက်ထပ်တိုးကာ စက်တင်ဘာ ၂၂ ရက်သို့ ပြောင်းလဲပေးသည့် ဖြေလျှော့မှုကိုသာ ပြုလုပ်ပေးထားသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း

image