ဂုတ်ထိပ် တံတားကို နဂို လက်ရာ ဒီဇိုင်း အတိုင်း ပြန်ပြုပြင် တည်ဆောက်​နေသလို ဂုတ်တွင်းကားလမ်း​​ဘေလီတံတား ပြီးစီး

စက်တင်ဘာ ၁၇

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချို - ကျောက်မဲကြားရှိ ဂုတ်ထိပ် ရထားလမ်း တံတားကို လတ်တလောအတွင်း နဂို လက်ရာ ဒီဇိုင်း အတိုင်း ပြန်ပြုပြင် တည်ဆောက်ဖို့ လုပ်နေကြောင်း ဒေသခံတွေနဲ့ MOI ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

"ဂုတ်ထိပ် တံတားလည်း ပြန်ပြင်ဖို့ စီစဥ်နေတာပါ။ အဲ့နားမှာတော့ TNLA တပ်ဖွဲ့တွေ မရှိတော့ဘူး။" လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ဂုတ်တွင်း ကားလမ်း တံတားကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဘေလီသံ​ဘောင် တံတားထိုးပြီးသွားပြီလို့ သိရပေမယ့် အရပ်သားတွေ သွားလာခွင့် မပြုသေးဘူးလို့ ဆိုပါတယ်။

သမိုင်း အမွေအနှစ် တံတား ဖြစ်တာကြောင့် မူလ ဒီဇိုင်းအတိုင်း ပြန်လည်တည်ဆောက်ဖို့၊ စံချိန် စံညွှန်းနဲ့ အချိန်ဇယားအတိုင်း အချိန်မီ ပြီးစီးစေဖို့၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အထူးဂရုပြုဖို့ ပို့ဆောင်ဆက်သွယ်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ညွှန်ကြားခဲ့ကြောင်း MOI က သတင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့က ဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့ ဂုတ်ထိပ်တံတားက လားရှိုးဘက်ခြမ်း ကမ်းကပ်ခုံနဲ့ တံတားတိုင်အမှတ် ၁၆ အကြား တံတား သံပေါင်များ ပျက်စီးသွားတာဖြစ်ပြီး ယာယီ ဒေါက်တိုင် ယာယီ သံပေါင် အသစ်တွေနဲ့ အစားထိုး တပ်ဆင်မှာဖြစ်ကာ ရှေး မူရင်းလက်ရာ ဒီဇိုင်းအတိုင်း ပြန်လည် တည်ဆောက်မှာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဂုတ်ထိပ် ရထားလမ်း တံတားဟာ နောင်ချို - ကျောက်မဲ ကြားရှိ မန္တလေး - လားရှိုး လမ်းပိုင်းဖြစ်ပြီး တံတားအရှည် ပေ ၂၂၆၀ ခန့်၊ သံမဏိတိုင် အမြင့်ပေ ၃၂၀ အပါအဝင် လျှိုကြမ်းပြင် ကနေ ရထားသံလမ်း မျက်နှာပြင်အထိ အမြင့် ပေ ၈၂၅ ရှိကာ သံနဲ့ သံမဏ တန်ချိန် ၄၃၀၀ ကျော်နဲ့ သံမှို တသန်းခွဲခန့် သုံးစွဲ ထားတဲ့ တံတားဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဂုတ်ထိပ် တံတားကို လန်ဒန်မြို့ရှိ Sir A M R Rendel & Co., က တံတား ဒီဇိုင်း ရေးဆွဲပြီး အမေရိကန် ပြည်ထောင်စု Pennsylvania & Maryland Bridge and Construction Co., က ၁၈၉၉ ခုနှစ်မှာ စတင်တည်တောက်ခဲ့ပြီး ၁၉၀၀ ခုနှစ်မှာ ပြီးစီးခဲ့ကာ ၁၉၀၃ ခုနှစ်မှာ စတင် အသုံးပြုခဲကာ အဲဒီ အချိန်က ကမ္ဘာ့ အမြင့်ဆုံး သံမဏိတံတား အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

Credit - Voice of Myanmar News Agency

#centralnewsnaypyitaw

imageimage