❝ရုံးထုတ်လာသည့် အချုပ်သား ၄ ဦး ထွက်ပြေးလွတ်မြောက်သွားသည့်ဖြစ်စဥ် သထုံတွင်ဖြစ်ပွားခဲ့ဟုဆို❞
စက်တင်ဘာ ၁၇
မွန်ပြည်နယ်၊ သထုံမြို့နယ်တရားရုံးသို့ ရုံးထုတ်လာသည့် အချုပ်သား ၄ ဦး ထွက်ပြေးလွတ်မြောက်သွားသည့် ဖြစ်စဥ်တစ်ခု စက်တင်ဘာ ၁၅ ရက်၊ ညနေ ၄ နာရီက ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောဆိုမှုကို ကိုးကား၍ ဒေသတွင်းသတင်းများက ဖော်ပြထားသည်။
သထုံမြို့နယ်အကျဉ်းထောင်မှ အချုပ်သား ၇ ဦးကိုတင်ဆောင်ကာ မြို့နယ်တရားရုံးသို့ ရုံးထုတ်လာပြီးနောက် အကျဉ်းထောင်၊ အချုပ်ဆောင်သို့ပြန်လည်ပို့ဆောင်ရန် အချုပ်ကားတံခါးဖွင့်နေစဥ် အချုပ်သား ၄ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သား ၄ ဦးအနက် ၁ ဦးမှာ လူသတ်မှုကျူးလွန်သူဖြစ်သည်ဟုသိရပြီး ကျန် ၃ ဦးသည်လည်း အမှုကြီးများကို ရင်ဆိုင်နေရသူများဖြစ်ကြောင်း သတင်းများက ဖော်ပြထားသလို သထုံမြို့နယ် အကျဉ်းဦးစီးဌာနဘေးရှိ ရော်ဘာခြံအတွင်းသို့ ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ယင်းအချုပ်သားများကို ပြန်လည်ဖမ်းဆီးနိုင်ရေးအတွက် သထုံ-ဘားအံအမြန်လမ်းမကြီးနှင့် သထုံ-ပေါင်လမ်းမကြီးတို့တွင် လုံခြုံရေးတင်းကျပ်ထားသလို ခရီးသည်တင်ယာဉ်များပေါ်သို့ တက်ရောက်စစ်ဆေးနေကြောင်းလည်း ဒေသတွင်းသတင်းများအရ သိရသည်။
#သတင်းဟင်းလေးအိုးကြီး
