အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့နေသော သစ္စာမဲ့ဝန်ထမ်း ခိုင်စုလွင်နှင့် ပူးပေါင်းဆက်သွယ်လုပ်ဆောင်သူ (၃) ဦး ဖမ်းမိ
စက်တင်ဘာ ၁၇
အွန်လိုင်းမှတစ်ဆင့် တရားမဝင်ထီနှင့်ကုန်ပစ္စည်းများရောင်းဝယ်ကာ အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့နေသော သစ္စာမဲ့ဝန်ထမ်း (DCS) ခိုင်စုလွင်နှင့် ပူးပေါင်းဆက်သွယ်လုပ်ဆောင်သူ (၃) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၀) ရက်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၂ လမ်း နှင့် ၅၄ x ၅၅ လမ်းကြား၊ ထွန်တုံးရပ်ကွက်တွင်နေထိုင်သည့် စံထိုက်သီ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေကြသူ ပညာရေးဝန်ကြီးဌာနမှ အသက် (၃၁) နှစ်အရွယ်ရှိ သီတာဇော် (DCS) နှင့် အသက်(၃၅)နှစ်အရွယ်ရှိ ဖြိုးမင်းစိုးတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၅/၅၈)၊ ဂရုဏာ(၅)လမ်း၊ ကြူစမ်းရွာသစ်၊ ပြန်လည်နေရာချထားရေး ရပ်ကွက်တွင်နေထိုင်သည့် အသက်(၄၂) အရွယ်ရှိ သန်းဇော်မိုးတို့ကို အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် စိစစ်ဖော်ထုတ်ချက်များအရ ၎င်းတို့သည် Social Media များမှတစ်ဆင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် ဆူပူအုံကြွမှုဖြစ်ပေါ်စေရန် Post တင်ရေးသားခဲ့ခြင်း၊ နိုင်ငံ့ဝန်ထမ်းများကို DCS လှုပ်ရှားမှုတွင်ပါဝင်ရန် လှုံ့ဆော်ခြင်းနှင့် မိမိကိုယ်တိုင် DCS ပြုလုပ်ခဲ့ခြင်းတို့ကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ယင်းပြင် ပြည်ပသို့ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ပညာရေးဝန်ကြီးဌာနမှ ခိုင်စုလွင် (DCS) ထံသို့ အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်၍ တရားမဝင်ပို့ဆောင်ပေးခဲ့သည့်အပြင် ခိုင်စုလွင်အွန်လိုင်းမှ တရားမဝင်ရောင်းချလျက်ရှိသည့် ထိုင်းထီများကိုပါ ဝယ်ယူခဲ့ပြီး ရောင်းချရသည့်ငွေများကို ၎င်းတို့အမည်ဖြင့် ဖွင့်လှစ်ထားသော Mobile Payments များမှတစ်ဆင့် ငွေကြေးများလွှဲပြောင်း ပေးအပ်နိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ခိုင်စုလွင်မှ အကြမ်းဖက်မှုဆောင်ရွက်နေသူများကို ငွေကြေးထောက်ပံ့နိုင်ရန် ၎င်းတို့၏ Mobile Payments များအား အခကြေးငွေရယူ၍ အသုံးပြုခွင့်ပေးခဲ့ကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
ခိုင်စုလွင်သည် Khaing Su Lwin Facebook Accountနှင့် khaingsu38cdm TikTok Account တို့ကို ၂၀၂၄ ခုနှစ်တွင် စတင်ဖွင့်ခဲ့ပြီး မြန်မာဝတ်စုံများ၊ ရှမ်းဝတ်စုံများနှင့် ညဝတ်အင်္ကျီများကို အွန်လိုင်းမှ လိုင်စင်မရှိဘဲရောင်းချခြင်းကို သီတာဇော် (DCS)ထံမှ ချိတ်ဆက်ရယူလုပ်ကိုင်ခဲ့ပြီး တရားမဝင် ထိုင်းထီရောင်းချခြင်းတို့မှ ရရှိလာသောငွေကြေးများကိုလည်း ကိုယ်ကျိုးအတွက်သုံးစွဲခြင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့ခြင်းများ ဆောင်ရွက်နေသူဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကိုလည်း အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ထုတ်ပြန်သတ်မှတ်ခဲ့ပြီးဖြစ်ရာ ညွှန်ကြားချက်နှင့်အညီ ရောင်းချခွင့် မှတ်ပုံတင်လက်မှတ်မရှိဘဲ ပြည်တွင်း/ပြည်ပမှ တရားမဝင်ရောင်းချခြင်းကြောင့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာများ ဆုံးရှုံးစေသည့်အတွက် ဖမ်းဆီးရမိသည့် DCS ဝန်ထမ်း သီတာဇော်၊ ဖြိုးမင်းစိုးနှင့် ငွေကြေးလွှဲပြောင်းရာတွင် ပါဝင်ကူညီခဲ့သည့် သန်းဇော်မိုးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ NUG ၊ PDF အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့နိုင်ရန် လူမှုကွန်ရက်ပေါ်၌ တရားမဝင်ဈေးရောင်းချခြင်းနှင့် ချိတ်ဆက်ခြင်း၊ ရောင်းချသည့်ပစ္စည်းများအားဝယ်ယူခြင်း၊ တစ်ဆင့်ခံပြန်လည်ရောင်းချခြင်း၊ ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်နိုင်ရန် အကူအညီပေးခြင်းနှင့် ထိုသို့ဆောင်ရွက်နိုင်ရန် နည်းလမ်းတစ်ခုခုဖြင့် ကူညီဆောင်ရွက် နေသူများကိုလည်း အကြမ်းဖက်ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရေး စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
#centralnewsnaypyitaw
