Pikaia (ပီကိုင်းယား)
Pikaia ဆိုတာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၀၈ သန်းလောက် Cambrian ကာလက ကမ္ဘာပေါ်မှာ နေထိုင်ခဲ့တဲ့ ပင်လယ်သတ္တဝါလေးတစ်မျိုး ဖြစ်ပါတယ်။ သူက ငါး၊ ငှက်၊ တွားသွားသတ္တဝါတွေအပါအဝင် ကျောရိုးရှိသတ္တဝါအားလုံးရဲ့ ဘိုးဘေးလို့ ယူဆကြပါတယ်။
(Pikaia ရဲ့ ထူးခြားချက်များ)
ပုံသဏ္ဌာန် - Pikaia မှာ သွေးစုပ်ငါး(lamprey)နဲ့ ဆင်တူတဲ့ ပုံသဏ္ဌာန် ရှိပြီး ခန္ဓာကိုယ်ကတော့ ခပ်ပြားပြား ချွန်ချွန်ပုံစံ ရှိပါတယ်။ ခေါင်းပိုင်းမှာ အလွန်သေးငယ်တဲ့ ပါးစပ်လေး ပါပြီး မေးရိုး မပါဝင်ပါဘူး။အရှည်ကတော့ ပျမ်းမျှ ၁ လက်မခွဲဝန်းကျင်လောက်သာ ရှိပါတယ်။
ကျောရိုးစတင်ခြင်း - Pikaia ဟာ ကျောရိုးလုံးဝရှိတာ မဟုတ်ဘဲ နူးညံ့ပြီး ပျော့ပြောင်းတဲ့ ရိုးတံလေးတစ်ခု (notochord) ပါရှိပါတယ်။ ဒါက ကျောရိုးရှိသတ္တဝါတွေရဲ့ ကျောရိုးနဲ့ ဆင်တူတဲ့ အင်္ဂါရပ်ပါ။ ဒီရိုးတံလေးက နောက်ပိုင်းမှာ ကျောရိုးဖြစ်လာမယ့်အရာရဲ့ အစလို့ ယူဆရပါတယ်။
လှုပ်ရှားပုံ - သူက ခန္ဓာကိုယ်ကို S ပုံသဏ္ဌာန် ကွေးပြီး ရေကူးပါတယ်။ ဒီပုံစံက လက်ရှိ ငါးတွေ ရေကူးတဲ့ပုံစံနဲ့ အတော်လေး ဆင်တူပါတယ်။
နေထိုင်ပုံ - သမုဒ္ဒရာရဲ့ ကြမ်းပြင်နားမှာ ကူးခတ်နေထိုင်ပြီး ရေထဲက အစာတွေကို စစ်ထုတ်စားသောက်ပုံရတယ်လို့ ပညာရှင်တွေက ယူဆကြပါတယ်။
Pikaia ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ကနေဒါနိုင်ငံ၊ Burgess Shale မှာ အများဆုံး တွေ့ရှိရပြီး ဒီအကောင်လေးဟာ သတ္တဝါတွေရဲ့ဆင့်ကဲပြောင်းလဲမှု သမိုင်းမှာ အရေးပါတဲ့ ကွင်းဆက်တစ်ခုဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။



