13 w - Translate

တောင်ဥက္ကလာမှာ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတယောက် ကြိုးဆွဲချ သတ်သေ
စက်တင်ဘာ ၁၆ - ၂၀၂၅

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်မှာ ဒီကနေ့ စက်တင်ဘာ ၁၆ ရက်၊ မနက်ပိုင်းက ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်းတယောက် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းမှ သိရပါတယ်။
အဲဒီ ဖြစ်စဉ်ဟာ တောင်ဥက္ကလာပမြို့နယ်၊ (၆) ရပ်ကွက်၊ ဝေဇယန္တာလမ်းမကြီး၊ အင်းဝ (၃) လမ်းနားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြိုးဆွဲချပြီး သေဆုံးသွားသူဟာ အသက် ၃၀ ကျော်ဝန်းကျင်အရွယ် လုံခြုံရေးဝန်ထမ်းတယောက် ဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ အသင်းကို မနက် ၅ နာရီဝန်းကျင်လောက်မှာ သက်ဆိုင်ရာက ဖုန်းဆက်ပြီး ကြိုးဆွဲချသေလို့ Dead body ကို လာသယ်ပေးပါဆိုလို့ ကျွန်တော်တို့ သွားသယ်တာပါ။ သေဆုံးတာကတော့ ဒီမနက် လူပြတ်တဲ့အချိန် သူအခုလို လုပ်သွားတယ်လို့ ယူဆရပါတယ်။ ကျွန်တော်တို့ Dead body သွားသယ်တဲ့အချိန်နဲ့ဆို သေတာ နာရီပိုင်းလောက်ပဲ ရှိဦးမယ်။ ကျွန်တော့်အထင်ကတော့ ဒီမနက် ၁ နာရီ၊ ၂ နာရီလောက်က အဲဒီလို လုပ်လိုက်တယ်ထင်တယ်” လို့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
လက်ရှိမှာ အသင်းအနေနဲ့ သေဆုံးသူကို စံပြဆေးရုံ (ရင်ခွဲရုံ) ကို ကူညီ ပို့ဆောင်ပေးထားပြီး ကြိုးဆွဲချ သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
“အခင်းဖြစ်တဲ့အချိန် ဘေးနား ပတ်ဝန်းကျင်မှာ လုံခြုံရေးတွေ ရှိနေပေမယ့် တနေရာစီမှာ လုံခြုံရေး စောင့်နေကြတော့ သူတို့လည်း ဒီလိုလုပ်တာကို မသိလိုက်ကြဘူး။ သေဆုံးသူက security ကုမ္ပဏီကနေ ဒီမှာ တာဝန်လာကျတာ။ လက်ရှိ သေဆုံးတဲ့နေရာက ကုမ္ပဏီရဲ့ ဝန်ထမ်းတော့ မဟုတ်ဘူး။ သူ့မှာ ဝန်ထမ်းကတ်လည်း ပါလာတော့ သူ့ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး မိသားစုဝင်တွေကို အကြောင်းကြားထားပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ရန်ကန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဘေလီတံတားပေါ်ကနေ ငမိုးရိပ်ချောင်းထဲကို လက်ချင်း ကြိုးချည်ကာ ခုန်ချသွားတဲ့ စုံတွဲအလောင်းကို စက်တင်ဘာ ၁၄ ရက်မှာ ပြန်လည် တွေ့ရှိခဲ့တယ်လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်းမှ သိရပါတယ်။
အဆိုပါ စုံတွဲဟာ ပြီးခဲ့တဲ့ လေးရက်လောက် ခုန်ချသွားခဲ့ခြင်း ဖြစ်တယ်လို့ ခန့်မှန်းရပြီး ရုပ်အလောင်းတွေကို ငမိုးရိပ်ချောင်းစပ် တနေရာမှာ လက်ချင်း ကြိုးချည်လျက် ပြန်လည် တွေ့ရှိခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ စက်တင်ဘာ ၁၃ ရက်နေ့ကလည်း မြောက်ဒဂုံ - သင်္ဃန်းကျွန်းအစပ် ငမိုးရိပ်တံတားပေါ်ကနေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတယောက် ခုန်ချမှု ဖြစ်ပွားခဲ့ပြီး သူမရဲ့ အမျိုးသားဖြစ်သူဟာလည်း စက်တင်ဘာ ၂ ရက်နေ့တုန်းက ငမိုးရိပ် တံတားပေါ်ကနေ ခုန်ချ အဆုံးစီရင်သွားခဲ့တာလို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကလည်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၇) ရပ်ကွက်မှာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတယောက် သစ်ပင်တပင်ရဲ့ ပေ ၅၀ အမြင့်ကကနေ ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဒါအပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်နဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဂျပန်တံတားပေါ်ကနေ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီး တယောက် ခုန်ချသတ်သေဖို့ ကြိုးစားခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပြီး ချောင်းထဲက သဗ္ဗာန်ယာဉ်မောင်းတွေ တွေ့ရှိခဲ့ကာ ချက်ချင်း ဆယ်ယူလိုက်နိုင်တာကြောင့် အသက်ဆုံးရှုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

image