TikTok အရောင်းအဝယ်ကိစ္စ မူဘောင်တရပ်ကို အမေရိကန်နဲ့ တရုတ် သဘောတူ

ဝါရှင်တန်၊ စက်တင်ဘာ ၁၆

TikTok ရဲ့ အမေရိကန် လုပ်ငန်းတွေ ပိုင်ဆိုင်မှု အရောင်းအဝယ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့ မူဘောင်တရပ်ကို သဘောတူညီချက် ရရှိခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖက်တာဝန်ရှိသူတွေဟာ မက်ဒရစ်မှာပြုလုပ်တဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲမှာ မူဘောင်ကို ရရှိခဲ့တာလို့ ဘဏ္ဍာရေးဝန်ကြီး ဘက်ဆန့်က ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ဟာ ဒီသဘောတူညီချက်အတွက် လာမယ့်သောကြာနေ့မှာ အပြီးသတ်မယ်လို့ ဆိုပါတယ်။

ဆွေးနွေးမှုဟာ အလွန်ကောင်းမွန်တယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ဒီသဘောတူညီချက်ဟာ Tiktok ရဲ့ အမေရိကန်လုပ်ငန်းစုကို ရောင်းချဖို့ သို့မဟုတ် ပိတ်သိမ်းဖို့နောက်ဆုံးရက် နီးကပ်လာချိန်မှာ ထွက်ပေါ်လာတာပါ။

ကုန်သွယ်ရေးစစ်ပွဲအဆုံးသတ်ဖို့ ရည်ရွယ်တဲ့ အမေရိကန်နဲ့ တရုတ်ကြား စေ့စပ်ညှိနှိုင်းမှု ဒုတိယနေ့မှာ မူဘောင် သဘောတူညီချက်ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ကြေညာခဲ့တာပါ။ ကုန်သွယ်မှုဆိုင်ရာ စည်းကမ်းချက်တွေအရ သဘောတူညီပါက အမေရိကန် အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို ကာကွယ်နိုင်မှာဖြစ်တယ်လို့ အမေရိကန်က ဆိုပါတယ်။

သဘောတူညီချက်ဟာ ခေါင်းဆောင်တွေရဲ့ အတည်ပြုချက်အပေါ် မူတည်တယ်လို့ ဆိုပါတယ်။ ဘိုက်ဒန့်ကုမ္ပဏီအနေနဲ့ TikTok လုပ်ငန်းစုကို မရောင်းချရင် ပိတ်ပင်တားမြစ်မယ့် ဥပ‌ဒေတရပ်ကို အမေရိကန် တရားရုံးချုပ်က ၂၀၂၄ ခုနှစ် ဧပြီလမှာ အတည်ပြုခဲ့ပါတယ်။

TikTok ဟာ အမေရိကန်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရထံ လွှဲပြောင်းပေးနေပြီး ဒါဟာ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်တယ်လို့ အမေရိကန်က ပြောပါတယ်။ ကုမ္ပဏီဘက်ကတော့ ပိတ်ပင်တားမြစ်ဖို့ အာဏာပိုင်တွေရဲ့ ကြိုးပမ်းမှုဟာ အမေရိကန်သုံးစွဲသူ သန်း ၁၇၀ ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာလို့ ဝေဖန်ထားပါတယ်။

Ref:BBC
Photo:Reuters

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image